International News

ထိုင်းနှင့် ယူကေတို့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အဆင့်မြှင့်တင် သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ယူကေနိုင်ငံတို့အကြား အနာဂတ် FTA အဖြစ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်သွားမည်ဖြစ် ကြောင်း နှစ်နိုင်ငံဝန်ကြီးများက ထုတ်ပြန်ကြေညာလိုက်ပါသည်။

မတ်လ ၃၀ ရက်နေ့တွင် စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai၊ ဗြိတိန်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mr. Lord Dominic Johnson နှင့် ဗြိတိန် သံအမတ်ကြီး Mr. Mark Gooding တို့ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် သံတမန်အစည်းအဝေးအဖြစ် တွေ့ဆုံခဲ့ကြပါကြောင်း၊ စီးပွားရေးအရ ချည်နှောင်မှုများကို ပိုမို ခိုင်မြဲစေရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ပါ ကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာကို မေလ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ဒုတိယအကြိမ် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေး၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာသည် စိုက်ပျိုးရေး၊ အစားအစာနှင့် အဖျော်ယမကာ၊ ဒီဂျစ်တယ်တီထွင်ဆန်းသစ်မှု၊ ကုန်စည်စံနှုန်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း စသည့်နယ်ပယ်များတွင် နှစ်နိုင်ငံ အကျိုးစီးပွားအတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ဆွေးနွေးခြင်းဖြင့် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် မဟာဗျူဟာကျ ပူးပေါင်း ဆောင်ရွက်မှု မူဝါဒနှင့်အညီ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်ရေး တံခါးပေါက်များကို ဖွင့်လှစ်ခြင်းဖြင့် စီးပွားရေးသံတမန်ကို မြှင့်တင်သွားရန်ဖြစ် ကြောင်း၊  စာချွန်လွှာထဲတွင် ထည့်သွင်းထားသည့် လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ဆောင်ရွက်မည့်ကဏ္ဍတစ်ခုချင်းစီအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကြောင့် လုပ်ထုံးလုပ် နည်းများကို နားလည်လာစေခြင်း၊ ကုန်သွယ်ရေး အတားအဆီးများကို ဖြေရှင်းလာနိုင်ခြင်း၊ သွင်းကုန်/ ပို့ကုန်တန်ဖိုး မြင့်တက်လာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်လာနိုင်ခြင်းတို့အပြင် ထိုင်း-ယူကေ FTA အတွက်လည်း ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) မူဝါဒသည် ယူကေအတွက် စိတ်ဝင် စားမှုဖြစ်စေပါကြောင်း၊ အဆိုပါမူဝါဒသည် ဘဏ္ဍာရေးဆိုင်ရာ လွယ်ကူချောမွေ့မှုနှင့် ပြည်တွင်းသုံးစွဲမှုကို တိုးမြှင့်စေရုံသာမက အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း မြှင့်တင်ရာရောက်ပြီး စက်မှုဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်ရရှိမှု တိုးမြှင့်စေနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ယူကေနှင့် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆.၇၄ ဘီလီယံရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ အဆင့် ၂၂ ရှိသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပါကြောင်း၊ ထိုင်း၏ အဓိကပို့ကုန်များမှာ ပြုပြင်ပြီး ကြက်သား၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လေယာဉ်အစိတ်အပိုင်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ တင်သွင်းကုန်များမှာ ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆားကစ်စ်များ၊ ဓာတ်သတ္တုရေ၊ ကာဗွန်နိတ်ဖျော်ရည်များ၊ အရက်ပြန်၊ ဆေးဝါးထုတ်ကုန်များနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် အလားအလာကောင်းသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့်FTA လက်မှတ်ရေးထိုး၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုကဏ္ဍများ တိုးတက်စေရေးဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkok.com

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News