တိုင်ဖုန်းမုန်တိုင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် မော်တော်ယာဉ်ထုတ်လုပ်မှု ကျဆင်းခဲ့ရာမှ စက်တင်ဘာလတွင် မော်တော်ယာဉ် ထုတ်လုပ်မှုပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) မှာ ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း Japan Center for Economic Research မှ ထုတ်ပြန်ထားကြောင်း ၁၂-၁၁-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan's September GDP gains 0.2% on auto factory recovery: JCER” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာ ကာလ အတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၀.၉ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ပုဂ္ဂလိက သုံးစွဲနိုင်စွမ်းမှာ ဩဂုတ်လတွင် ၀.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ စက်တင်ဘာလတွင် ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့်ရောင်းချမှု ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိက ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ဩဂုတ်လနှောင်းပိုင်း၌ တိုင်ဖုန်းမုန်တိုင်း ရှန်ရှန်ကြောင့် Toyota Motor အပါအဝင် မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းခဲ့ရကြောင်း၊ ဂျပန်နိုင်ငံ၏ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၁.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၁၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အီးယူသို့တင်ပို့မှုမှာ ၁၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ မော်တော်ယာဉ်နှင့်ဆက်စပ်သည့် ကုန်စည်များ တင်ပို့မှုမှာ ၃ လ တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးတက်ခဲ့ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှု တင်သွင်းမှုမှာ ၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၀.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍတွင် အိမ်ရာအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုမှာ ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် အစိုးရ၏ ပုံသေရင်းနှီးမြှုပ်နှံမှုမှာ ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၀.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း Japan Center for Economic Research မှ ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Nikkei Asia