International News

တရုတ်နိုင်ငံ၏ စီပွားရေး ကျဆင်းခဲ့သည့်အတွက် ဂျပန်နိုင်ငံရှိ ကုန်ထုတ် လုပ်မှုလုပ်ငန်းများ၏ ဝင်ငွေရရှိမှု ကျဆင်းလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ဝင်ငွေရရှိမှုမှာကျဆင်းခဲ့ကြောင်း၊ ထို့အတူ ကုမ္ပဏီများ၏ အမြတ်ရရှိမှုမှာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း ၄-၁၁-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan’s manufacturers face earnings downturn as China economy slips” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် မော်တော်ယာဉ်နှင့် ကုန်ကြမ်းပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ အထူးသဖြင့် ဉာဏ်ရည်တုနည်းပညာအသုံးပြုသည့် လုပ်ငန်းများမှာ အဓိကအားဖြင့် ဝင်ငွေရရှိမှု ကျဆင်းခဲ့ကြောင်း၊ ဧပြီလမှ စက်တင်ဘာလအထိ ကုမ္ပဏီ ၁၅၆ ခု၏ ဝင်ငွေရရှိမှုအခြေအနေကို စိစစ်ကြည့်ရာတွင် အသားတင်အမြတ်ရရှိမှုမှာ ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိခဲ့ရ ကြောင်း၊ ထိုသို့ ကျဆင်းခဲ့မှုမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း အမြတ်ရရှိမှု ၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည့်အချိန်မှစ၍ အများဆုံး ဖြစ်ခဲ့ ကြောင်း ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံမှ ဝယ်လိုအားကျဆင်းခဲ့ခြင်းနှင့်ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားနေချိန်တွင် အမေရိကန် ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ဈေးကွက်ချဲ့ထွင်မှု ကုန်ကျစရိတ်များ များပြားခဲ့ခြင်း ကြောင့် Mitsubishi Motors ၏ အသားတင်အမြတ်ရရှိမှုပမာဏမှာ ၄၄ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊  တရုတ်နိုင်ငံရှိ ဂျပန်ကားကုမ္ပဏီများ၏ ဝယ်လိုအား ကျဆင်းခဲ့မှုကြောင့် ကားရှေ့မီး ထုတ်လုပ်သည့် Koito Manufacturing ၏ အမြတ်ရရှိမှုမှာလည်း ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ ဥရောပနိုင်ငံများသို့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ တင်ပို့ရောင်းချလျက် ရှိသော Kyocera ၏ ရောင်းအားမှာလည်း ၃၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှ ဝယ်လိုအား ကျဆင်းခဲ့ခြင်းကြောင့် ပိုလျှံသည့် သံမဏိနှင့်ဓာတုပစ္စည်း ထုတ်ကုန်များကို ဒေသတွင်းနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း၊ Tokyo Steel Manufacturing ၏ သံမဏိထုတ်ကုန်များ ရောင်းချရမှုမှ အမြတ်ရရှိမှုမှာလည်း ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ရေနံဓာတုပစ္စည်းများ ထုတ်လုပ်လျက်ရှိသော Sumitomo Chemical အနေဖြင့်လည်း ၂ နှစ် ဆက်တိုက် အရှုံးပေါ်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News