International News

ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၂ လဆက်တိုက် ကျဆင်းခဲ့

Last Updated:

လျှပ်စစ်မီတာခများအပေါ် ဂျပန်အစိုးရမှပံ့ပိုးပေးမှုအစီအစဉ်များ ပြန်လည်စတင်ခဲ့ခြင်း ကြောင့် လျှပ်စစ်ဓာတ်အားခနှုန်းများကျဆင်းခဲ့သည့်အတွက် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်း မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၂ လဆက်တိုက်ကျဆင်းခဲ့ကြောင်း ၂၂-၁၁-၂၀၂၄ ရက်နေ့ ထုတ် The Nikkei Asia သတင်းစာတွင် “Japan’s inflation slows in October for the second straight month” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် လတ်ဆတ်သည့်အစားအစာများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွက် ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းသည် QUICK အဖွဲ့၏ စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်း ၂.၂ ရာခိုင်နှုန်းနှင့်ကိုက်ညီလျက်ရှိကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ဂျပန်ဗဟိုဘဏ်ကသတ်မှတ်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းအထက်ကို ဆက်လက်ကျော်လွန်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

လတ်ဆတ်သည့်အစားအစာများနှင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၂.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၂.၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ လျှပ်စစ်မီတာခများမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၃.၂ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ကြောင်း၊ တာရှည် ခံစားသောက်ကုန်များ၏ ဈေးနှုန်းမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ 

 ဂျပန်အစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအထိ လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့အသုံးပြုခများအတွက် ပံ့ပိုးပေးမှုများ ပြန်လည်ဆောင်ရွက်ခဲ့သည့်အတွက် ငွေကြေးဖောင်းပွမှုနှုန်းများကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ စားသောက်ဆိုင်များအပါအဝင် အထွေထွေ ဝန်ဆောင်မှုနှုန်းထားများမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။  

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia  

Category: International News