International News

တရုတ်နိုင်ငံသည် စားသုံးမှုကို မြှင့်တင်ရန် မူဝါဒအသစ်များကို နိုဝင်ဘာလတွင် စတင်မည်

Last Updated:

 တရုတ်နိုင်ငံသည် နိုဝင်ဘာလတွင် အဓိကမြို့ကြီးငါးမြို့၌ စားသုံးမှုမြှင့်တင်ရေးပွဲများကို ဆက်တိုက်ကျင်းပမည်ဖြစ်ပြီး စားသုံးသူအသုံးစရိတ်ကိုမြှင့်တင်ရန် ရည်ရွယ်သည့် မူဝါဒအသစ်များကို ထုတ်ပြန်မည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Sheng Qiuping က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါမူဝါဒများသည် စီးပွားရေးကိုမြှင့်တင်ရန်၊ လက်လီလက်ကားလုပ်ငန်းများ အားကောင်းလာစေရန်နှင့် ရှန်ဟိုင်းနှင့် ထျန်ကျင်းအပါအဝင် မြို့ကြီး (၂၀)တွင် ခေတ်မီကူးသန်းရောင်းဝယ် ရေးဆိုင်ရာ ရှေ့ပြေးစီမံချက်များကို အထောက်အကူဖြစ်စေရန် ဖြစ်ကြောင်း Sheng က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ဝန်ကြီးဌာနသည် မော်တော်ယာဥ်ရောင်းချမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုကို စမ်းသပ်ဆောင်ရွက်မည်ဖြစ်သည့်အပြင် စားသုံးမှုမြှင့်တင်ရေး လုပ်ငန်းအစီအစဉ်များကိုလည်း ‌ဆောင်ရွက်သွား မည်ဖြစ်ကြောင်း Sheng မှ ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

စားသုံးမှုမြှင့်တင်ရေးပွဲများကို တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် ရှန်ဟိုင်း၊ ပေကျင်း၊ ကွမ်ကျိုး၊ ထျန်ကျင်းနှင့် ချုံချင့်မြို့များတွင် စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါမြို့များ၏ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှုသည် တစ်နိုင်ငံလုံး စုစုပေါင်း၏ (၁၃) ရာခိုင်နှုန်းကျော် ရှိပြီး လူသုံးကုန်ပစ္စည်းတင်သွင်းမှု၏ (၅၀)ရာခိုင်နှုန်းကျော်ရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါမြို့များ၌ အစားအသောက်ပွဲတော်များ၊ စုပေါင်းလှုပ်ရှားမှုအစီအစဉ်များနှင့် အားကစားလှုပ်ရှားမှုများအပြင် ပြပွဲနှင့် ဖျော်ဖြေပွဲများအပါအဝင် စျေးဝယ်ခြင်း၊ စားသောက်ခြင်း နှင့် ခရီးသွားခြင်းဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုးကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ စတိုးဆိုင်သစ် ဖွင့်လှစ်မှုအတွက် မက်လုံးများနှင့် စားသုံးသူဘောက်ချာများကဲ့သို့သော အထောက်အကူပြု အစီအမံများကို ဒေသန္တရအစိုးရများက စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုလှုပ်ရှားမှုများနှင့် မူဝါဒအသစ်များ ပေါင်းစပ်ခြင်းဖြင့် စားသုံးသူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း Sheng က ပြောကြားခဲ့သည် ဟု ဖော်ပြထားပါသည်။

စားသုံးမှုကို နှိုးဆွခြင်းသည် စီးပွားရေးပြန်လည်ဦးမော့လာစေရန် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် အစိုးရသည် လူသုံး ကုန်ပစ္စည်းများကို အဟောင်းပေးအသစ်ဝယ်သည့် အစီအစဉ်များအပါအဝင် ပြည်တွင်းဝယ်လို အားကို မြှင့်တင်ရန် စီမံချက်အမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ပထမ(၉)လတွင် တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှု စုစုပေါင်းသည် ယွမ်(၃၅.၄)ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့်)ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၃.၃)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အ‌ဟောင်းပေးအသစ်ဝယ်သည့်အစီအစဉ်အရ အောက်တိုဘာလ (၃၀)ရက်နေ့အထိ မော်တော်ယာဥ်များအတွက် ထောက်ပံ့ကြေးတောင်းခံသည့် လျှောက်လွှာ (၁.၆၈)သန်းရှိပြီး အိမ်သုံးပစ္စည်းများရောင်းချမှုမှာ အလုံးရေ(၂၄.၀၃)သန်းအထိ ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: https://www.chinadaily.com.cn/a/202411/01/WS6724b437a310f1265a1caf3c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

Category: International News