International News

ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်သည် ၂၀၂၄ ခုနှစ်ထိ နှောင့်နှေးနိုင်ကြောင်းသိရှိရ

Last Updated:

ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (PH-ROK FTA) သည် နှစ်နိုင်ငံစလုံးတွင်အခက်အခဲများ ရှိနေသဖြင့် အချိန်ကာလသတ်မှတ်ချက် အသစ်ဖြစ်သော ၂၀၂၄ ခုနှစ် တွင်အာဏာသက်ဝင်နိုင်ရေးနှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိလာနိုင်ပါကြောင်း၊ ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (Department of Trade and Industry- DTI) အတွင်းရေးမှူး Ceferino S.Rodolfo  မှ PH-ROK FTA စာချုပ်အား ဥပဒေနှင့်အညီဖြစ်စေရန်  နောက်ဆုံးအဆင့် စိစစ် လျက်ရှိပါကြောင်းဖော်ပြပါရှိပါသည်။

အဆိုပါသဘောတူညီချက်စာချုပ်အား အင်္ဂလိပ်-ကိုရီးယားနှစ်ဘာသာဖြင့် ထုတ်ဝေသွားရန် နှစ်နိုင်ငံစလုံးမှသဘောတူညီထားပါကြောင်း၊ နိုင်ငံတကာဥပဒေအရ အင်္ဂလိပ်-ကိုရီးယား နှစ်ဘာသာစလုံးတွင် “Equal Validity” ရှိရန်မှာ အရေးကြီးပါသဖြင့် သေချာစွာစိစစ်လျက်ရှိသဖြင့် ၂၀၂၄ ခုနှစ် မှသာ အာဏာသက်ဝင်နိုင်လိမ့်မည်ဖြစ်ကြောင်း DTI အတွင်းရေးမှူးမှ ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်  Asia Pacific Economic Cooperation (APEC) Summit တွင် အစည်းအဝေးပြင်ပအစီအစဉ်တစ်ခုအနေဖြင့် Philippines DTI  အတွင်းရေးမှူးနှင့် Korea MOTIE ဝန်ကြီးတို့မှ နှစ်ဦးတည်းသီးသန့်အစည်းအဝေးပြု လုပ်ခဲ့ပြီး PH-ROK FTA တွင် နှစ်ဖက်ခေါင်းဆောင်များမှ အတည်ပြုခဲ့ကြသည့် ကတိကဝတ်များအား ထပ်မံ၍ အတည်ပြုထည့်သွင်းသွားရန်ဆွေးနွေးခဲ့ကြပါကြောင်း၊ နှစ်ဖက်ညှိနှိုင်းချက်များအား ၂၀၁၉ ခုနှစ်၊ ဇွန်လကထုတ်ပြန်ကြော်ငြာခဲ့ပြီး ကနဦးညှိနှိုင်းချက်များအတွက် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးစဉ် အချို့ကုန်ပစ္စည်းအသစ်များအတွက် ဆောင်ရွက်ရမည့် အစီအစဉ်များ ပါဝင်ခြင်းမရှိသောကြောင့်  နှစ်နိုင်ငံစလုံးမှ ကမ်းလှမ်းမှုများရှိခဲ့ပါကြောင်း ဖော်ပြထားပါသည်။

အဆိုပြုထားသည့် နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်တွင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်၊ဖြစ်ပေါ်လာနိုင်သည့်အတား အဆီးများအား ဖယ်ရှားသွားရန်ဖော်ပြထားပြီးနှစ်နိုင်ငံစလုံးတွင် တူညီသောပန်းတိုင်ရှိပြီး အနာဂတ်ကို ရည်ရွယ်မှန်းမျှော်သည့် ရေရှည်အောင်မြင်မှုရရှိနိုင်သော လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ပေါ်ပေါက်လာရန်ဖြစ်ပါသည်။ ညှိနှိုင်းမှုတွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စက်မှုကုန်ပစ္စည်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ကိုရီးယားနိုင်ငံသို့ ဌက်ပျောသီး၊ ရာသီပေါ်သီးနှံများနှင့် အခြားစိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများတင်ပို့နိုင်ရေး ဈေးကွက်ရရှိရန်တို့ ပါဝင်ကြောင်း ဖော်ပြပါရှိပါ သည်။

လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်တွင် အဓိကအရေးကြီးသောအချက် တစ်ခုဖြစ်သည့် ကုန်သွယ်မှုပမာဏ Balance of Trade တွင် ဖိလစ်ပိုင်နှင့်ကိုရီးယားနိုင်ငံကြား ကုန်စည်စီးဆင်းမှုပိုမိုမြင့်တက်လာစေရန်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်သွားရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်ဖြစ်ပါသည်။ သို့သော် လူစီးမော်တော်ယာဉ်ဆိုင်ရာ အကောက်ခွန်နှုန်းထားညှိနှိုင်းခြင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏ သစ်သီးဝလံများအတွက် စိုက်ပျိုးရေးကဏ္ဍဈေးကွက်ရရှိ ရန်အတွက် ရှင်းလင်းဖြေလျှော့ပေးရန်ကိစ္စရပ်များ ရှိနေသေးကြောင်းဖော်ပြပါရှိပါသည်။ 

 

 

Source: https://mb.com.ph/2023/6/5/ph-s-korea-fta-further-delayed-to-2024

(စီးပွားရေးသံမှူး၊ မနီလာမြို့) 

         

Category: International News