International News

ဖိလစ်ပိုင်-တောင်ကိုရီယား နှစ်နိုင်ငံကုန်သွယ်မှုသည် အရေးကြီးကြောင်း သမ္မတမားကို့စ်ပြောကြား

Last Updated:

 ဖိလစ်ပိုင်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်သွားရန် အတွက် ကုန်သွယ်မှု တိုးမြှင့်သွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။ ထို့အတွက် ယခင်ကရှိထားပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် ကြိုးပမ်းလျက်ရှိပြီး ဖိလစ်ပိုင်နှင့် ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းစေရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတနန်းတော်တွင် မီဒီယာနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်-ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးသည် ယခုဆိုလျှင် ၇၅ နှစ်ထိ ရှိခဲ့ပြီးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွက် အလွန်အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း တောင်ကိုရီယားနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်ရှိသော်လည်း ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (FTA) အား သဘောတူလက်မှတ်ရေးထိုးသွားနိုင်ရန် မျှော် လင့်ပါကြောင်း၊ FTA အရ ကိုရီးယားဈေးကွက်ရှိ ဖိလစ်ပိုင်ကုန်ပစ္စည်းများအတွက် အခွန် သက်သာခွင့်ရရှိမည်ဖြစ်ပါကြောင်း သမ္မတမှ ပြောကြားခဲ့ပါသည်။

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် နောက်ထပ်သီးခြားသဘောတူညီချက်လက်မှတ်ရေးထိုးလိုပြီး အရှေ့အာရှနိုင်ငံများမှ တောင်ကိုရီးယား ဈေးကွက်သို့ အခွန် ကင်းလွတ်ခွင့်ဖြင့် ဈေးကွက်ချိတ်ဆက်မှုရယူလို၍ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် သီးခြား သဘောတူညီချက်အတွက် ညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ သစ်သီးဝလံများစသည့် ကုန်ပစ္စည်းအမယ်များ ကုန်သွယ်မှု အတွက် ပါဝင်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့်လည်း တောင်ကိုရီးယားနိုင်ငံသို့ ပင်မှည့်သီး (ခေါ်) ဖျော်ရည်သီးများ (Passion Fruits) တင်ပို့လျက်ရှိပြီး ထပ်မံ၍ ထောပတ်သီးအပါအဝင် ရာသီပေါ်သီးနှံများကိုလည်း အခွန်သက်သာခွင့်ဖြင့် တင်ပို့လိုကြောင်း ထပ်လောင်းပြောကြားခဲ့ ပါသည်။

လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အရ နှစ်နိုင်ငံ သို့မဟုတ် နိုင်ငံများအကြား ပို့ကုန်/သွင်းကုန်များ ဆောင်ရွက်ရာတွင် အခွန်သက်သာခွင့်များ ရရှိနိုင်မည်ဖြစ်ပါသည်။ လွတ်လပ်သော ကုန်သွယ်ရေးမူဝါဒအောက်မှ ကုန်စည်နှင့် ဝန်ဆောင်မှုများအား နိုင်ငံတကာ ဈေးကွက်များကြား အစိုးရ၏ အခွန်သက်သာခွင့်များ၊ ခွဲတမ်းများ၊ ထောက်ပံ့ပေးမှုများ၊ တားမြစ်ချက်များ စသည်ဖြင့် သက်သာသည့်အခွင့်အရေးများ သို့မဟုတ် လုံးဝကင်းလွတ်ခွင့်ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက် ၅ နိုင်ငံတွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ်၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်ဖြင့် ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ၊ အီလက်ထရောနစ်ကိရိယာများ၊ ဌက်ပျောသီး၊ နာနတ်သီးတို့ကို အဓိက တင်ပို့လျက်ရှိပြီး Refined Petroleum, Integrated Circuits, Copper Wire, Semiconductor Device တို့ကို အဓိကတင်သွင်း လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ ကိုရီးယားရင်းနှီးမြှုပ်နှံသူများ အား အီလက်ထရောနစ် မော်တော်ယာဉ်နှင့် ယာဉ်အပိုပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းနှင့် ဆေးဝါးများ ထုတ်လုပ်သည့်ကဏ္ဍ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးအတွက် အခြေခံအဆောက်အအုံဆိုင်ရာကဏ္ဍ၊ အီလက်ထရောနစ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းအတွက် လိုအပ်သည့် အိမ်ခြံမြေကဏ္ဍစသည့်တို့တွင် ဦးစားပေးရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source; https://pco.gov.ph/news_releases/trade-with-sokor-important-pbbm/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News