International News

လက်လီရောင်းချသည့် လုပ်ငန်းများအတွက် ဖိအားလျော့ကျရေး ဟောင်ကောင်ဒေသအစိုးရ ကူညီဆောင်ရွက်

Last Updated:

လက်လီရောင်းချသည့် လုပ်ငန်းများ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုတွင် ရင်ဆိုင်နေရသည့် ဖိအားများ လျော့ကျစေရန်အတွက် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် အစီအမံအမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကူညီပေးမည်ဟု ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဖြစ်သူ Algernon Yau က ဥပဒေပြုကောင်စီတွင် ပြောကြားခဲ့ကြောင်း “Govt helps ease retail trade pressure”ဟောင်ကောင်ဒေသအစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဒေသအစိုးရ၏ အခမ်းအနားကြီးများ တိုးမြှင့်ကျင်းပနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခြင်း၊ သုံးစွဲမှုမြှင့်တင်ရေး ဆောင်ရွက်ချက်နှင့် တရုတ်ပြည်မမှ တဦးချင်း လည်ပတ်မှု အစီအစဉ်ကို မြို့ပေါင်း ၅၉ မြို့အထိ တိုးမြှင့် ထည့်သွင်းခွင့်ပြုခြင်းနှင့်အတူ ဟောင်ကောင်ဒေသ၏ လုပ်သားဝင်ငွေများ တိုးမြှင့်ခြင်း၊ စတော့ရှယ်ယာဈေးကွက် တည်ငြိမ်ခြင်းနှင့် ခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်ခြင်းတို့ကြောင့် လက်လီလုပ်ငန်းများအတွက် အကျိုးဖြစ် ထွန်းစေမည်ဟု မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသခံများနှင့် ခရီးသွားဧည့်သည်များ၏ သုံးစွဲမှုပုံစံပြောင်းလဲလာခြင်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် SMEs လုပ်ငန်းများ၏ ငွေကြေးလိုအပ်ချက် ပြည့်မီစေရန်၊ ယှဉ်ပြိုင်နိုင်မှုမြင့်မားစေရန်နှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးတို့အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု မစ္စတာ Yau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုအဖြစ် SME Financing Guarantee Scheme အောက်မှ အထူး ၁၀၀ ရာခိုင်နှုန်း အာမခံထုတ်ကုန်အဖြစ် SMEs လုပ်ငန်းများကို အတိုးနှုန်းသက်သာသည့်ချေးငွေများ ထုတ်ချေးပေးခြင်း၊ SMEs လုပ်ငန်းများ၏ ပို့ကုန်မြှင့်တင်ရေးအတွက် SME Export Marketing Fund မှတစ်ဆင့် ငွေကြေးထောက်ပံ့ပေးခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးထောက်ပံ့မှု ရှေ့ပြေးစီမံကိန်းစတင်နိုင်ရန် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် ဘတ်ဂျတ်ခွဲဝေချထားပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ စီးပွားရေးသည် ပြန်လည်ဦးမော့လျက်ရှိသကဲ့သို့ ခရီးသွား လာ ရောက်မှု မြင့်တက်လျက်ရှိသောကြောင့် ကုန်သွယ်မှု ပြန်လည်ဦးမော့လာစေရေးအတွက် တွန်းအားဖြစ်စေမည်ဟု မစ္စတာ Yau က ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News