International News

ဂျပန်အစိုးရသစ်အနေဖြင့် နျူကလီးယားစွမ်းအင်ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုကို မြှင့်တင်သွားမည်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများကို ဘေးကင်းစွာဖြင့် ဆက်လက်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီး Yoji Muto ကပြောကြားထားကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် စက်မှုဝန်ကြီး၏ ပြောကြားချက်အရ ဝန်ကြီးချုပ်အသစ် Shigeru Ishiba လက်ထက်တွင် စွမ်းအင်ဆိုင်ရာ မူဝါဒများ သိသိသာသာ ပြောင်းလဲမှုမရှိသည်ကို ဖော်ပြလျက်ရှိကြောင်း၊ ဝန်ကြီးချုပ် Ishiba အနေဖြင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲမဝင်မီကာလများတွင် နျူကလီးယား စွမ်းအင်အသုံးပြုမှုကို ရပ်ဆိုင်းသွားရန် ကြိုးပမ်းခဲ့ဖူးကြောင်း၊ ဝန်ကြီးချုပ် Ishiba သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံမှာ တင်သွင်းရသည့် ရုပ်ကြွင်းလောင်စာကိုသာ မှီခိုနေရသည့် ဂျပန်နိုင်ငံတွင် နျူကလီးယား စွမ်းအင်အသုံးပြုမှုကို ဆန့်ကျင်သည့် တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်း ဖြစ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးချုပ် Ishiba အနေဖြင့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲဝင်ပြီး နောက်ပိုင်းတွင် နျူကလီးယားစွမ်းအင်ကို လုံးဝသုံးစွဲခြင်းမပြုရန် ကြိုးပမ်းမှုကို ရပ်ဆိုင်းခဲ့ပြီး၊ စွမ်းအင်သိုလှောင်ထိန်းသိမ်းနိုင်မှု မြင့်မားလာစေရေးနှင့် ဟိုက်ဒရိုဂျင် စွမ်းအင်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို မြှင့်တင်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် Data Centers နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများ ပိုမိုများပြားလာသည်နှင့်အမျှ လျှပ်စစ်ဓာတ်အား လိုအပ်မှုလည်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်ဖူလုံစေရေးမှာ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလျက်ရှိကြောင်း ဂျပန်စွမ်းအင်ဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် နေစွမ်းအင်၊ လေစွမ်းအင်နှင့် ရေစွမ်းအင်စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို စုစုပေါင်း စွမ်းအင်အသုံးပြုမှု၏ ၄ ပုံ ၁ ပုံကျော် သုံးစွဲခဲ့ပြီး၊ အများအားဖြင့် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ရည်ကို သုံးစွဲခဲ့ကြောင်း WoodMackenzie ၏ ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် နျူကလီးယားစွမ်းအင်အသုံးပြုမှုမှာ စုစုပေါင်း စွမ်းအင်အသုံးပြုမှု၏ ၉ ရာခိုင် နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပြင်းထန်သည့် ငလျင်နှင့် ဆူနာမီဖြစ်ပွားပြီး ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံ အရည်ပျော်ပြီး နောက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ နျူကလီးယားဓာတ်အားပေး စက်ရုံအားလုံးကို ပိတ်သိမ်းခဲ့ကြောင်း၊ လက်ရှိတွင် ဂျပန်နိုင်ငံ၌ နျူကလီးယားဓာတ်အားပေးစက်ရုံ ၁၁ ရုံ လည်ပတ်လျက်ရှိပြီး၊ ထိုသို့ လည်ပတ်နိုင်မှုကြောင့် ၂၀၂၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှုကို ၈ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်းနှင့် ၁၄ နှစ်အတွင်း သဘာဝဓာတ်ငွေ့ရည်တင်သွင်းမှု အနည်းဆုံးဖြစ်ခဲ့ကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်တွင် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ကျောက်မီးသွေးနှင့်သဘာဝ ဓာတ်ငွေ့ရည်တင်သွင်းရသည့်အတွက် ကုန်ကျငွေမှာ ယန်း ၁၂.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံ) ရှိခဲ့ကြောင်းနှင့် ဂျပန်နိုင်ငံ၏ စုစုပေါင်း ကုန်စည်တင်သွင်းမှု တန်ဖိုး၏ ၁၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Tokyo Electric Power Company Holdings (Tepco) အနေဖြင့် ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံဖြစ်သည့် Kashiwazaki-Kariwa နျူကလီးယားဓာတ်အားပေး စက်ရုံကို ပြန်လည်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိသော်လည်း Niigata ပြည်နယ် အုပ်ချုပ်ရေးမှူးအနေဖြင့် ပိုမိုဘေးကင်းစွာ လည်ပတ်နိုင်မှု သေချာစေရေး ဆောင်ရွက်စေလိုသည့်အတွက် ခွင့်ပြုချက်ထုတ်ပေးခြင်း မရှိသေးကြောင်း၊ Tepco အနေဖြင့် လူမှုအသိုက် အဝန်း ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံအတွင်း ကာဗွန်ကင်းစင်စေရေး၊ ဓာတ်အားခနှုန်းထားများ ချိန်ညှိနိုင်ရေးနှင့် လျှပ်စစ်လိုအပ်မှုကို ထိန်းညှိနိုင်ရေးအတွက်လည်း နျူကလီးယား ဓာတ်အားပေးစက်ရုံများကို ပြန်လည်လည်ပတ်ရန် လိုအပ်လျက်ရှိကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးက ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: The Japan Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News