International News

အမေရိကန်-ကင်ညာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှု အကျဉ်းချုပ်ထုတ်ပြန်

Last Updated:

အမေရိကန်-ကင်ညာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုအကျဉ်းချုပ်ကို ၅-၄-၂၀၂၄ ရက်နေ့တွင် အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်ရုံး (U.S. Trade Representative) က  “USTR Releases Summaries from U.S. – Kenya Strategic Trade and Investment Partnership Negotiations” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါ သည်။      

သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ကတိကဝတ်ဖြစ်သည့် ကုန်သွယ်မှု သဘောတူညီချက်များ  ဆွေးနွေးညှိနှိုင်းရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း ဆောင်ရွက်ချက်အဖြစ် အမေရိကန်-ကင်ညာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုတွင် အမေရိကန်နိုင်ငံဘက်က ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်ငန်းကျင့်သုံးရေး (Good regulatory practices)၊ အလုပ်သမားအခွင့်အရေးနှင့် အကာအကွယ်ပေးမှုများနှင့် ဒုတိယအကြိမ် စိုက်ပျိုးရေးဆိုင်ရာ သဘောတူညီချက်ပါစာသားများ ပြင်ဆင်ခြင်းတို့နှင့် ပတ်သက်သော အဆိုပြုချက် အကျဉ်းချုပ်ကို  အမေရိကန်ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ခဲ့ပါသည်။ ယင်းအဆိုပြုချက်များကို ဧပြီလတွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်၊ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်၊ (အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပါအဝင်) စီးပွားရေးလုပ်ငန်းများ၊ စားသုံးသူများနှင့် အလုပ်သမားများ အကျိုးခံစားခွင့်ရရှိစေရန် နှင့် အာဖရိကဒေသတွင်း စီးပွားရေးပေါင်းစည်းမှု (African Regional Economic Integration) ကို ပံ့ပိုးကူညီသွားရန်ဖြစ်ပါကြောင်းနှင့် အမေရိကန်နှင့် ကင်ညာနိုင်ငံတို့အနေဖြင့် စီးပွားရေးဆိုင်ရာ ရလဒ်ကောင်းများ ရရှိရန်အတွက် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ကုန်သွယ်မှုမူဝါဒကို ၁-၃-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းမူဝါဒအရ ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများ၊  ပြောင်းလဲ နေသည့် စီးပွားရေးဝန်းကျင်၊ အလုပ်သမားများနှင့် ၎င်းတို့၏ လူမှုအသိုင်းအဝန်း၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရန်၊ ကုန်သွယ်မှုမူဝါဒ၏ အဓိကအရေးပါသည့် ကြိုးပမ်းဆောင်ရွက်ချက်အဖြစ် အားလုံးပါဝင်သော ကုန်သွယ်မှုမူဝါဒအစီအစဉ်ကို ရေးဆွဲရာတွင် ပြည်သူများ၏ အကြံပြုချက်များ ရယူ၍ ကုန်သွယ်မှု၏ အကျိုးကျေးဇူးကို ခံစားခွင့်မရရှိဘဲ ချန်လှပ်ခံရသူများနှင့်လည်း ဆွေးနွေးသွား ရန်တို့ပါရှိပါကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များချုပ်ဆိုရာတွင် ၎င်းတို့၏ မူဝါဒဦးစားပေးလုပ်ငန်းစဉ်များဖြစ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အလုပ်သမားအခွင့်အရေးနှင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စသည့်အကြောင်းအရာများကို ထည့်သွင်းရေးဆွဲလာမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

                                                                          

 

Source: https://ustr.gov/about-us/policy-offices/press-office/press-releases/2024/ april/ustr-releases-summaries-us-kenya-strategic-trade-and-investment-artnership-negotiations

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News