International News

တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကော်မရှင် (Financial Services Commission- FSC) က နိုင်ငံတွင်းငွေကြေးဈေးကွက် တည်ငြိမ်စေရေးနှင့် ဈေးကွက်တွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုကို အလေးထားဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကော်မရှင် (Financial Services Commission- FSC) သည် လက်ရှိကြုံတွေ့နေရသော ငွေကြေးဈေးကွက်တွင်း မတည်ငြိမ်မှုများကို ကိုင်တွယ်စီမံခန့်ခွဲရေးနှင့် အိမ်ထောင်စုများ၏ ကြွေးမြီများလျော့ကျစေရေး အားထုတ်မှုများကို နှစ်ဆတိုးဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၈-၁-၂၀၂၅ ရက်နေ့ကထုတ်ပြန်သည့် မူဝါဒအစီရင်ခံစာတွင်ဖော်ပြထားပါသည်။

သမ္မတထရမ့်လက်ထက်၌ အမေရိကန်ပြည်ထောင်စုတွင် မူဝါဒအပြောင်းအလဲများစွာကို မိတ်ဆက်လာမည်ဖြစ်ခြင်း၊ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးနှေးကွေးနေခြင်းနှင့် ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်ခြင်းတို့ကြောင့် ပြည်တွင်းငွေကြေးဈေးကွက်မတည်ငြိမ်မှုဆက်လက်မြင့်မားလာနိုင်ခြေများနေသည်ဟု FSC ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

သို့ဖြစ်၍ဈေးကွက်အခြေအနေကို ၂၄ နာရီ စောင့်ကြည့်စစ်ဆေးကာ ဈေးကွက်မတည်မငြိမ်ဖြစ်နေမှုများကို နည်းနိုင်သမျှနည်းစေရေး လိုအပ်သလိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝမ်ငွေ ၁၀၀ ထရီလီယံတန်ဖိုးရှိ ဈေးကွက်တည်ငြိမ်စေရေးစီမံဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အိမ်ထောင်စုချေးငွေများလျော့နည်းလာစေရေးအတွက်လည်း ပိုမိုတင်းကြပ်သော စည်းမျဉ်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း FSC ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစတင်၍ အိမ်ခြံမြေချေးငွေရယူလိုသူများ၏ အကြွေးဆပ်နိုင်စွမ်းရည်ကို အကဲဖြတ်လေ့လာခြင်းနှင့် အတိုးနှုန်းမြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ချေးငွေချေးယူမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ပါ ကြောင်း၊ FSC သည် အချိန်ကာလများစွာကြာမြင့်မည့် စက်မှုနှင့် အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများအတွက် ချေးငွေ (Project Financing- PF Loans) ထောက်ပံ့ပေးမှုဆိုင်ရာ စည်းမျဉ်းများကိုလည်း ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေများသည် နိုင်ငံ၏ဘဏ္ဍာရေးတည်ငြိမ်မှုအပေါ်များစွာထိခိုက်စေနိုင်သည့်အချက်များအနက်တစ်ခုဖြစ်နေပါကြောင်း၊ ဝမ်ငွေ ၁၆.၂ ဘီလီယံတန်ဖိုးရှိ PF Loans များကို ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း၊ ‌အမျိုးအစား ခွဲခြားခြင်း သို့မဟုတ် အပြီးသတ်စာရင်းရှင်းလင်းခြင်းတို့အား ၂၀၂၅ ခုနှစ်၊ ဇွန်လနောက်ဆုံးထား၍ အပြီးသတ်ဆောင်ရွက်သွားရန် FSC က စီစဉ်ထားပါကြောင်းနှင့် အဆိုပါပမာဏသည် စုစုပေါင်း PF Loans ၏ ၇၇.၅ ရာခိုင်နှုန်းနှင့် ညီမျှပါကြောင်း FSC ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။

Source: https://www.koreatimes.co.kr/www/biz/2025/01/488_390001.html

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

Category: International News