International News

အီဂျစ်နိုင်ငံတွင် ကြက်သွန်နီဈေးများမြင့်တက်လာသည့်အတွက် စားသုံးသူများ အခက်တွေ့နေခြင်း

Last Updated:

    အရှေ့ဥရောပနှင့် အာရှအလယ်ပိုင်းတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို အွန်လိုင်းဖြင့် ရောင်းချနေသည့် ပလက် ဖောင်းတစ်ခုဖြစ်သည့် East Fruit ၏ ခန့်မှန်းချက်အရ အီဂျစ်နိုင်ငံသည် အရှေ့ဥရောပနှင့် ဥရောပသမဂ္ဂဈေးကွက်သို့ ၂၀၂၃ ခုနှစ် ပထမ ၄-၅ လအတွင်း ကြက်သွန်နီ အဓိကတင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။ အီဂျစ်နိုင်ငံတွင် ကြက်သွန်နီ စိုက်ပျိုးရန် ကောင်းမွန်သည့် ရာသီဥတုသည် မကြာမီကုန်ဆုံးတော့မည်ဖြစ်ပြီး ယခုနှစ်ကြက်သွန် စိုက်ရာသီတွင် စိုက်ပျိုးသူများ သည် ဝယ်လိုအားမြင့်တက်မှုကြောင့် ဝင်ငွေအလွန်ကောင်းခဲ့ကြသည်။ ထို့အပြင် ဝယ်လိုအားမြင့်တက်မှုကြောင့် ယခင်ထက် အရည်အသွေးနိမ့်သည့် ကြက်သွန်နီများကိုပင် အီဂျစ်နိုင်ငံမှ ကြက်သွန်နီဝယ်ယူတင်သွင်းနေသည့်နိုင်ငံများက တင်သွင်းလျက် ရှိကြောင်း သိရပါသည်။

    သို့သော်လည်း အီဂျစ်ပြည်တွင်းတွင် ကြက်သွန်နီအရည်အသွေးနိမ့်ကျပြီး ဈေးနှုန်းမြင့် တက်လာမှုကြောင့် ဝင်ငွေနည်းသည့် အိမ်ထောင်စုများအနေနှင့် ဟင်းချက်ပြုတ်ရာ၌ အဓိက အသုံးပြုပစ္စည်းဖြစ်သည့် ကြက်သွန်နီကို ဝယ်ယူစားသုံးရန် အခက်အခဲ ရှိလာကာ အီဂျစ်ပြည်သူ သန်းပေါင်းများစွာက ကျေနပ်မှုမရှိကြဘဲဖြစ်နေကြသည်။ အဆိုပါ အခြေအနေဖြစ်ပေါ်လာရခြင်းသည် ကြက်သွန်နီ တင်ပို့မှုမြင့်တက်လာခြင်းကြောင့် လက်ကားရောင်းချသည့်ဈေးနှုန်းများ မြင့်တက်လာခြင်းအပေါ်တွင် ပြည်တွင်း ငွေကြေးတန်ဖိုးကျဆင်းခြင်းက ထပ်ဆောင်းလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ အီဂျစ်နိုင်ငံသုံးငွေကြေး အီဂျစ်ပေါင် (Egyptian pound) တန်ဖိုးသည် တစ်နှစ်အတွင်း ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး၊ ဒေါ်လာဖြင့်ရောင်းဝယ်သည့် ကြက်သွန်နီလက်ကား တင်ပို့ သည့် ဈေးနှုန်းမှာလည်း နှစ်ဆကျော်တက်လာခဲ့သည်။ ရလဒ်အနေဖြင့် ပြည်တွင်းဈေးကွက်တွင် စားသုံးသူများ ဝယ်ယူရသည့် ဈေးနှုန်းမှာ လေးဆကျော်မြင့်တက်လာခဲ့ခြင်းပင် ဖြစ်ပါသည်။

    အီဂျစ်ကြက်သွန်နီစိုက်ပျိုးသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များသည် ဈေးကောင်းရရှိသည့် အတွက် အရည်အသွေးကောင်း ကြက်သွန်များကို ပြည်တွင်းတွင် ရောင်းချခြင်းထက် ပြည်ပသို့တင်ပို့ရန် ကြိုးစားလာကြသဖြင့် စားသုံးသူများအတွက် အခြေ အနေပိုဆိုးလာစေခဲ့သည်။ ထို့အတူ အနာဂတ်ငွေလဲလှယ်နှုန်းမသေချာခြင်းကြောင့် ကုန်သည်များသည် အီဂျစ်ပေါင်ထက် နိုင်ငံခြားငွေကိုသာ ကိုင်တွယ်လိုကြသည်။ သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်တွင် တင်ပို့ရန်အရည်အသွေးမမီသည့် သို့မဟုတ် ကြာရှည်သိုလှောင်ရန်မသင့်သည့် အရည်အသွေးမမီသည့် ကြက်သွန်နီများကိုသာ ပြည်တွင်း၌ ရောင်းချခဲ့ကြသည်။

    အီဂျစ်နိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူများသည် ကြက်သွန်စိုက်ပျိုးရန်လို အပ်သည့် မျိုးစေ့၊ ဓာတ်မြေဩဇာ၊ သီးနှံကာကွယ်ရေးပစ္စည်းများစသည့် သွင်းအားစုများအားလုံးကို ပြည်ပမှ တင်သွင်းနေရသည်။ အဆိုပါ သွင်းအားစုများ၏ တန်ဖိုး သည် အီဂျစ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဈေးမြင့်တက်လာခဲ့သဖြင့် လာမည့်ကြက်သွန်နီထွက်ရှိမည့် ရာသီတွင်လည်း ဈေး တက်ရန် သေချာလျက်ရှိသည်။

    အီဂျစ်နိုင်ငံမှ ကြက်သွန်နီတင်ပို့သည့် အဓိကဈေးကွက်နိုင်ငံများမှာ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ကူဝိတ်နှင့် ဆီးရီးယားနိုင်ငံတို့ဖြစ်ကြပြီး၊ ဗြိတိန်နှင့် ရုရှားနိုင်ငံများသို့လည်း တင်ပို့ သည်။ ယခုနှစ်တွင် ယူကရိန်း၊ ပိုလန်နှင့် အခြားသော အီးယူနိုင်ငံများသို့လည်း တိုးချဲ့တင်ပို့ခဲ့သည်။ ထို့အပြင် အာရှအလယ်ပိုင်း ဒေသများဖြစ်သည့် ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာမေနစ္စတန်၊ ပါကစ္စတန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံများသို့ ပထမဆုံးအကြိမ်အဖြစ် တင်ပို့နိုင်ရန် လေ့လာလျက် ရှိပါသည်။

Source: east-fruit.com

Category: International News