International News

ဂျာမန်ပို့ကုန်တင်ပို့မှုများ မတ်လအတွင်း မမျှော်လင့်ဘဲ မြင့်တက်လာ

Last Updated:

ဂျာမန်ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ မတ်လတွင် ယခင်လ (ဖေဖော်ဝါရီလ) ကထက် ၀.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Germany's Federal Statistics Office (Destatis) မှ ၇-၅-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ သိရှိရပါသည်။ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ Reuters သတင်းဌာနမှ ပို့ကုန်တိုးတက်မှုနှုန်းကို ၀.၄ ရာခိုင်နှုန်းခန့်သာရှိလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၂ ရာခိုင်နှုန်းခန့် မမျှော်လင့်ဘဲ တိုးတက်လာကြောင်း ဖော်ပြထားပါသည်။

ပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ် တစ်ခုလုံးတွင် ကျုံ့ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင်မှ တိုးတက်လာခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်း စုစုပေါင်းတန်ဖိုး ယူရို ၄၀၂.၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၂၂ ဘီလီယံ) ရှိ ဂျာမနီနိုင်ငံထုတ် ကုန်ပစ္စည်းများကိုသာ တင်ပို့နိုင်ခဲ့သဖြင့် ယင်းပမာဏမှာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ၁.၁ ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း Destatis မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် မတ်လ၏ ပို့ကုန်တင်ပို့မှု ယူရို ၁၃၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ) အထိ မြင့်တက်လာခြင်းမှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ဝယ်လိုအားကြောင့်ဖြစ် ကြောင်း၊ အမေရိကန်သို့ တင်ပို့မှုတွင် ၃.၆ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုတွင် ၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ယင်းနှစ်နိုင်ငံသို့ ပို့ကုန် တိုးတက်တင်ပို့နိုင်မှုကို ၃.၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းသွားသော ဗြိတိန်နိုင်ငံသို့ တင်ပို့မှုနှင့် ကာမိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီနိုင်ငံမှ ဥရောပဒေသအတွင်းရှိ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုတွင် ၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ယူရို (၇၃.၃) ဘီလီယံ ရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ် မတ်လတွင် သွင်းကုန်ကဏ္ဍ၌ ဖေဖော်ဝါရီလကထက် ၀.၃ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ယူရို (၁၁၁.၉) ဘီလီယံအထိ တိုးတက်လာသော်လည်း ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ၃ ရာခိုင်နှုန်းခန့် နိမ့်ကျနေသေးသည့်အတွက် နိုင်ငံခြားကုန်သွယ်မှုတွင် ယူရို (၂၂) ဘီလီယံခန့် ကုန်သွယ်မှုပိုငွေပြခဲ့ပါသည်။

ဂျာမနီ၏စီးပွားရေးသည် ယေဘုယျအားဖြင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ၀.၂ ရာခိုင်နှုန်းခန့် အနည်းငယ် တိုးတက်မှုရှိခဲ့ကြောင်းနှင့် မတ်လတွင် German Economic Institute များက ၂၀၂၄ ခုနှစ်အတွက် ဂျာမနီ၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၀.၁ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/german-exports-rise-unexpectedly-high-in-march/a-69012744

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: International News