International News

Bangkok Aviation Fuel Services (BAFS) နှင့် Energy Absolute Plc (EA) တို့ ပူးပေါင်း၍ Green လေယာဉ်လောင်စာထုတ်လုပ်သွားရန်ရှိ

Last Updated:

Bangkok Aviation Fuel Services (BAFS) နှင့် Energy Absolute Plc (EA) တို့ ပူးပေါင်း၍ စဉ်ဆက်မပြတ်သော လေယာဉ်လောင်စာ (Sustainable Aviation Fuel -SAF) ကုမ္ပဏီအသစ်တို့ တည်ထောင်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလျှော့ချနိုင်ရန် သန့်ရှင်းသော လောင်စာဝယ်ယူမှုအတွက် တင်ဒါလုပ်ငန်းစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Energy Absolute Plc (EA) သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်သောလေယာဉ်လောင်စာ (Sustainable Aviation Fuel -SAF) ထုတ်လုပ်သည့် စက်ရုံကို ရယောင်းတွင် တည်ဆောက်လျက်ရှိပါကြောင်း၊ EA ၏ လုပ်ငန်းခွဲ EA Bio Innovation နှင့် BAFS တို့ ပူးပေါင်း၍ SAF အတွက် ဖက်စပ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း EA ၏ ဒုတိယဥက္ကဋ္ဌ Mr. Vasu Klomkliang က ပြောကြားခဲ့သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု မြင့်တက်စေသည့် ရုပ်ကြွင်းရင်းမြစ်များမှ ရရှိလာသော လေယာဉ်လောင်စာနေရာတွင် အသုံးပြုပြီးသား ဟင်းချက်ဆီ သို့မဟုတ် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်နိုင်သော ဘိုင်အိုလောင်စာ SAF ကို အစားထိုးနိုင်သည့် အလားအလာ ရှိပါကြောင်း၊ လာမည့်နှစ် ပထမလပတ်အတွင်း SAF ကို ထုတ်လုပ်နိုင်ရေး လျာထားပါကြောင်း EA တည်ထောင်သူနှင့် အကြီးတန်းအရာရှိဖြစ်သူ Mr. Somphote Ahunai က ဖြည့်စွက်ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ပထအဆင့်တွင် အသုံးပြုပြီးသော ဟင်းချက်ဆီနှင့် စားအုန်းဆီအက်ဆစ်ကို အသုံးပြု၍ ၁ ရက်လျှင် SAF  ၁၃၀ တန် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံအတွက် ရင်းနှီး မြှုပ်နှံမှု တန်ဖိုးမှာ ဘတ် ၁၄ ဘီလီယံဖြစ်ကြောင်း၊ ဆီနှင့် လေယာဉ်လုပ်ငန်းရှင်များက SAF ကို ဝယ်ယူရန် ကမ်းလှမ်းလာကြသော်လည်း ဝယ်ယူရေးစာချုပ် လက်မှတ်မရေးထိုးရသေးပါကြောင်း Mr. Vasu က ဖြည့်စွက်ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က SAF ထုတ်လုပ်သည့် လုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက် အခွန်မက်လုံးပေးအစီအစဉ် ပေးအပ်ထားပါကြောင်း၊ Airports of Thailand Plc (AOT) က SAF ကို စိတ်ဝင်စားလျက်ရှိပြီး SAF လုပ်ငန်းအတွက် ကုမ္ပဏီ ၂ ခုနှင့် ဖက်စပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးလျက်ရှိပါကြောင်း၊ Bangchak Corp ကလည်း ဘတ် ၁၀ ဘီလီယံ SAF စက်ရုံကို ဗန်ကောက်မြို့ရှိ Phra Khanong ခရိုင်တွင် ဆောက်လုပ်လျက်ရှိပြီး လာမည့်နှစ်အစောပိုင်းတွင် ဖွင့်လှစ်ရန်လျာထားကြောင်း သိရှိရပါသည်။

ကမ္ဘာ့နိုင်ငံအများစုက ရုပ်ကြွင်းလောင်စာများမှ ရရှိလာသော လောင်စာများကို အသုံးပြုခြင်းထက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လူတို့ပြုလုပ်သော ဘိုင်အိုလောင်စာများကို အစားထိုး အသုံးပြုခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျော့နည်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများ သွားရာလမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါ သည်။

 

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News