International News

ပိုးမွှားကင်းစင်ရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးသည့် ဗီယက်နမ် သရက်သီး ၇ တန်အား ဩစတြေးလျသို့ တင်ပို့သွားမည်

Last Updated:

ပိုးမွှားကင်းစင်ရေးဝန်ဆောင်မှုပေးသည့် Toan Phat Irradiation Co. (TPI) မှ သရက်သီးများကို ပိုးမွှားကင်းစင်အောင် ဆောင်ရွက်ပြီးနောက် လတ်ဆတ်သော သရက်သီး ၇ တန်ကို သြစတြေးလျသို့ တင်ပို့မည်ဖြစ်ကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။

TPI သည် အဆိုပါ ပိုးမွှားသန့်စင်မှုပေးသည့် ဝန်ဆောင်မှုအတွက် ဩစတြေးလျ အေဂျင်စီ BICON (Australian Biosecurity Import Conditions ) မှ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီးဖြစ်ကြောင်း၊ ပိုးမွှားကင်းစင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနလက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာနနှင့် TPI တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် DT-PRO ကုမ္ပဏီမှ သြစတြေးလျသို့ သရက်သီးများကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

TPI ၏ အဆိုအရ သရက်သီးများအားလုံးသည် သြစတြေးလျ အာဏာပိုင်များ စိုးရိမ်ပူပန်သည့် အင်းဆက်ပိုးမွှားများ၊ ရောဂါများနှင့် အခြားသော ဇီဝလုံခြုံရေးဆိုင်ရာများ ကင်းစင်ကြောင်းသိရှိရပါသည်။

သြစတြေးလျနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးမှ ပို့ကုန်လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် သရက်သီးသည် ဗီယက်နမ်နိုင်ငံမှ အရင်းအမြစ်ဖြစ်ရန်လိုအပ်ပြီး အရွက်၊ အကိုင်းအခက်များ၊ မြေဆီလွှာ၊ ပေါင်းပင်မျိုးစေ့များ၊ အပျက်အစီးများနှင့် အခြားအပင်ပစ္စည်းများ၊ အင်းဆက် ပိုးမွှားများ၊ ရောဂါပိုးများ ကင်းစင်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။

လက်ရှိတွင် ဗီယက်နမ်မှ သြစတြေးလျသို့ လတ်ဆတ်သော သစ်သီးလေးမျိုးအား တင်ပို့ရန် ခွင့်ပြုထားကြောင်းနှင့် သရက်သီး၊ နှင်းသီး၊ လိုင်ချီးစ်သီးနှင့် နဂါးမောက်သီးတို့ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ် အကောက်ခွန် ဦးစီးဌာန၏ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၁.၂၈ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၀.၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့မှုသည် ဇန်နဝါရီမှ မတ်လ အတွင်း အမေရိကန်ဒေါ်လာ ၂၆ သန်းနီးပါးရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းဖော်ပြထားပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News