International News

တရုတ်နိုင်ငံသို့ တင်ပို့မည့် ထိုင်းဘဲအစိတ်အပိုင်းများ (Duck parts) နှင့်စပ်လျဉ်းသည့် ပို့ကုန်လုပ်ထုံး လုပ်နည်းများ ပြင်ဆင်ခြင်းအပေါ် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

တရုတ်နိုင်ငံသို့ တင်ပို့မည့် ဘဲအစိတ်အပိုင်းများ ၁၈ ခု နှင့်စပ်လျဉ်းသည့် ထိုင်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနနှင့် တရုတ်အကောက်ခွန်ရုံးတို့အကြား စစ်ဆေးရေးသတ်မှတ်ချက်များ၊ ကန့် သတ်ထားရှိမှုနှင့် တိရစ္ဆာန်ကျန်းမာရေး စသည့် ပို့ကုန်လုပ်ထုံးလုပ်နည်းများ ပြင်ဆင်သည့် စာချုပ်ကို ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ၁၀-၁၀-၂၀၂၃ ရက်နေ့က ခွင့်ပြုခဲ့ပါကြောင်း၊ ယင်း ပြင်ဆင်ချက်ပြီးသည့် ပထမနှစ်အတွင်း ဘဲပို့ကုန်တန်ဖိုးသည် ဘတ် ၁ ဘီလီယံ ရောက်ရှိရန် မျှော်မှန်းထားပါကြောင်း အစိုးရ ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

အဆိုပါ စာချုပ်ကို တရုတ်ဝန်ကြီးချုပ်၏ အောက်တိုဘာလ ၁၇-၂၀ ကြား လာရောက်မည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ရေး မျှော်မှန်းထားပါကြောင်း၊ လက်မှတ်ရေးထိုးပြီးနောက် ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း၊ ဘဲအစိတ်အပိုင်း ၁၈ ခုမှာ ခြေထောက်၊ တောင်ပံ၊ တောင်ပံလယ်၊ တောင်ပံဖျား၊ တောင်ပံအပေါ်ပိုင်း၊ အသည်း၊ လည်ပင်း၊ gizzards၊ နှလုံး၊ ကျောက်ကပ်၊ လျှာ၊ ခေါင်း၊ နှုတ်သီး၊ အရိုး၊ အရိုးနု၊ အရွတ်၊ အဆီနှင့် အရေပြားတို့ဖြစ်ကြောင်း၊ တရုတ်အကောက်ခွန်ရုံးကလည်း ကုန်စည်စာရင်းထပ်တိုးခြင်းကိုလည်း ခွင့်ပြုခဲ့ပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် စာချုပ်၏ နောက်ဆက် တွဲ-၂ ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အေးခဲကြက်သားကုန်စည်ကို ပြင်ဆင်ရန်မလိုအပ်ပါကြောင်း၊ ယင်းစာချုပ်သည် ထိုင်းနိုင်ငံ၏ တိရစ္ဆာန်ပို့ကုန်တန်ဖိုး မြင့်တက်စေမည့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကိုဖန်တီးပေးခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် ဘဲနှင့် ဘဲအစိတ်အပိုင်းများ ပို့ကုန်ကို တိုးမြင့်စေမည်ဖြစ်ကြောင်း၊ ယခင်က ကြက်သားနှင့် အေးခဲကြက်အစိတ်အပိုင်းများကို တင်ပို့ခဲ့ရပြီး ဘတ် ၁၃ ဘီလီယံဖြစ်ပါကြောင်း၊ ကြက်ခြေထောက်သည် တရုတ်ဈေးကွက်တွင် လူကြိုက်များပြီး ဝယ်လိုအား ခိုင်မာသောကြောင့် ပြတ်လပ်မှုများပင် ဖြစ်ပါကြောင်း Mr. Chai က ဖြည့်စွက်ပြောကြား ပါသည်။

တရုတ်တွင် ဘဲအစိတ်အပိုင်းများကို ဝယ်လိုအားမြင့်တက်နေသဖြင့် ဘဲအစိတ်အပိုင်းများ တင်သွင်းခွင့်ကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ပျားထုတ်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေး စာချုပ်လက်မှတ်ရေးထိုးရန်လည်း ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ပါကြောင်း Mr. Chai က ဆက်လက် ပြောကြားပါသည်။

 

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊၊ ဗန်ကောက်မြို့)

Category: International News