International News

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပိုမိုခိုင်မာသော စီးပွားရေးအရှိန်အဟုန်ကို ပြသလျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက်မှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသောကြောင့် စီးပွားရေး ပိုမိုအားကောင်းလာကာ ပြီးခဲ့သည့်လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကုန်စည်တင်ပို့မှုနှင့်တင်သွင်းမှုစုစုပေါင်းသည် အောက်တိုဘာလတွင် တစ်နှစ်ထက်တစ်နှစ် (၄.၆)ရာခိုင်နှုန်းတိုးလာပြီး စက်တင်ဘာလကထက် (၀.၇)ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs-GAC) မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။

ပထမ (၁၀)လအတွင်း တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် လွန်ခဲ့သည့် နှစ်ကထက် (၅.၂)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် (၃၆.၀၂)ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့်) ရှိကာ ပို့ကုန်သည် (၆.၇)ရာခိုင်နှုန်းနှင့် သွင်းကုန်သည်(၃.၂) ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ကုန်သွယ်မှု ပိုငွေပြမှုသည် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယွမ်(၅.၅၈) ထရီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၇.၆)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အရည်အသွေးမြှင့်တင်ရန်နှင့် ကုန်သွယ်မှုပမာဏတည်ငြိမ်စေရန်ဆိုသည့် နိုင်ငံခြားကုန်သွယ်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ကြောင်း GAC ၏ စာရင်းအင်းနှင့် ခွဲခြမ်း စိတ်ဖြာမှုဌာန ဒါရိုက်တာ Lyu Daliang က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေပြီး ပထမ(၁၀)လအတွင်း ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် (၅.၆၇)ထရီလီယံရှိကာ တစ်နှစ်ထက်တစ်နှစ် (၈.၈)ရာခိုင်နှုန်း မြင့်တက်လာကာ တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြား ကုန်သွယ်မှုပမာဏ ၏ (၁၅.၇)ရာခိုင်နှုန်းရှိကြောင်း၊ ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှုတန်ဖိုးသည် ယွမ် (၄.၆၄)ထရီလီယံ၊ အမေရိကန်နှင့် ယွမ် (၄.၀၁)ထရီလီယံနှင့် ကိုရီးယားသမ္မတနိုင်ငံနှင့် ယွမ်(၁.၉၁)ထရီလီယံ အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(Belt and Road Initiative)တွင် ပါဝင်သည့် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ပထမ(၁၀)လအတွင်း ယွမ်(၁၆.၉၄)ထရီလီယံရှိပြီး ယခင်နှစ်ကထက် (၆.၂)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အခြား RCEP နှင့် BRICS နိုင်ငံများ နှင့် ကုန်သွယ်မှုမှာ (၄.၃)ရာခိုင်နှုန်းနှင့် (၄.၅) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

အဆိုပါကာလအတွင်း တရုတ်ကုမ္ပဏီပေါင်း (၁၇၈,၀၀၀)ခန့်သည် လက်တင်အမေရိကနှင့် ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၆.၉)ရာခိုင်နှုန်း တိုးလာကြောင်းနှင့် တရုတ် နှင့် လက်တင်အမေရိကတို့အကြား ကုန်သွယ်မှုသည် (၉.၁)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

စက်မှုနှင့်လျှပ်စစ်ထုတ်ကုန်များသည် တရုတ်နိုင်ငံ၏ ပို့ကုန် စုစုပေါင်း၏ (၆၀)ရာခိုင်နှုန်း နီးပါးရှိကြောင်း၊ အထူးသဖြင့် ပထမ(၁၀)လအတွင်း အလိုအလျောက် ဒေတာစီမံဆောင်ရွက်ပေးသည့်စက်ကိရိယာများနှင့် အစိတ်အပိုင်းများ တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် (၁၀.၉) ရာခိုင်နှုန်းတိုးလာကာ integrated circuits များတင်ပို့မှုသည် (၂၁.၄)ရာခိုင်နှုန်း တိုးလာပြီး မော်တော်ယာဉ်များ တင်ပို့မှုသည် (၂၀)ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ သံရိုင်း၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုသည် ပမာဏအားဖြင့် တိုးတက်လာပြီး ရေနံစိမ်းတင်သွင်းမှု အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခုနှစ်တွင် ခန့်မှန်းချက်ထက်ကျော်လွန် ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ တက်ကြွသော ကုန်ထုတ်လုပ်ငန်းများနှင့် အိမ်ခြံမြေ ရောင်းချရမှုများနှင့်အတူ အောက်တိုဘာလတွင် ကုန်သွယ်မှုတိုးတက်ခြင်းများသည် စီးပွားရေးကောင်းမွန်လာမှု ကို သက်သေပြနေပြီး အဓိကအားဖြင့် အစိုးရ၏ တိုးတက်မှုလိုလားသော အစီအမံများကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် စီးပွားရေးကိုမြှင့်တင်ရန်မူဝါဒများ ဆက်တိုက်ချမှတ်ခဲ့ကြောင်း၊ အထူးသဖြင့် စက်တင်ဘာလနှောင်းပိုင်းမှစတင်၍ ဗဟိုအစိုးရသည် အပြန်အလှန်ထိန်းကျောင်း ချိန်ညှိမှုများမြှင့်တင်ရန်၊ ထိရောက်သောပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန်၊ စီးပွားရေးလုပ်ငန်း များကို ပံ့ပိုးပေးရန်၊ အိမ်ခြံမြေစျေးကွက် ပြန်လည်ဦးမော့လာစေရန်နှင့် အရင်းအနှီးဈေးကွက်များ အား ကောင်းလာစေရန် အဓိကထားသည့် မက်ခရိုစီးပွားရေးအစီအမံများကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://english.news.cn/20241107/31042945938049458ea65788cd055096/c.html

စီးပွားရေးသံမှူး၊ နန်နင်းမြို့

Category: International News