International News

တရုတ်-အီကွေဒေါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်အရ ပထမအကြိမ် ပို့ကုန်မော်တော်ယာဉ်များ စတင်ပို့ဆောင်

Last Updated:

တရုတ်နိုင်ငံနှင့် အီကွေဒေါနိုင်ငံတို့ကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) အရ မူရင်းနိုင်ငံလက်မှတ်ရရှိသည့် ပထမအကြိမ် ပို့ကုန်မော်တော်ယာဉ်များသည် ၂၀၂၄ ခုနှစ် မေလ (၄) ရက်နေ့တွင် တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွေ (Anhui) ပြည်နယ် မြို့တော်၊ Hefei မြို့မှ အီကွေဒေါနိုင်ငံသို့ စတင်ပို့ဆောင်ရန် Hefei မြို့ အကောက်ခွန်ဌာနက စီစဉ်ထားသည်။

တရုတ်နိုင်ငံမှ အီကွေဒေါနိုင်ငံသို့ တင်ပို့မည့် ကားအစီးရေ ၉၆ စီး၏ တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၆ ဒသမ ၄ သန်း (အမေရိကန်ဒေါ်လာ ၉၀၁,၄၀၈.၀၀) ဖြစ်ပြီး မူရင်းနိုင်ငံလက်မှတ်ဖြင့် တင်ပို့ ဆောင်ရွက်ရာ၌ အခွန်ကင်းလွတ်ခွင့် ယွမ် ၁၅၀,၀၀၀ ကင်းလွတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ကားထုတ်လုပ်သည့် ကုမ္ပဏီ Chery မှ Cai Wenwen ကပြောခဲ့သည်။ ကုမ္ပဏီအနေဖြင့် စုစုပေါင်းတန်ဖိုး ယွမ်သန်း ၆၀၀ နီးပါးရှိ ကားအစီးရေ ၆,၀၀၀ ကျော်ကို အီကွေဒေါနိုင်ငံသို့ တင်ပို့ရန် စီစဉ်ထားကြောင်း၊ အီကွေဒေါသည် ကုမ္ပဏီအတွက် အရေးပါသော ဈေးကွက်သစ်တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အီကွေဒေါနိုင်ငံတို့ကြား လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) သည် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် တရားဝင်အသက်ဝင်ပြီ ဖြစ်သည်။  နှစ်နိုင်ငံ FTA အကောင်အထည်ဖော်ဆောင်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု ဘက်စုံအဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

Source:http://en.people.cn/n3/2024/0505/c90000-20164663.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News