International News

ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းသကြားလိုအပ်ချက်လျှော့ချရန် သကြားတန်ချိန် ၂၀၀,၀၀၀ ခန့် တင်သွင်းရန် လိုအပ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၊ Negros ဒေသရှိ ကြံစိုက်ခင်းများမှာ အယ်နီညိုရာသီဥတု၏ သက်ရောက်မှု ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်းသကြားလိုအပ်ချက် ရှိလာနိုင်သဖြင့် သကြားတန်ချိန် ၂၀၀,၀၀၀ မက်ထရစ်တန်ခန့် တင်သွင်းရန်လိုအပ်ကြောင်း ပြည်တွင်းသကြား ထုတ်လုပ်သူများအုပ်စုမှ ပြောကြားလာခဲ့ပါသည်။ ကြံစိုက်ခင်းများအား ထိခိုက်ခဲ့ခြင်းကြောင့် ပြည်တွင်းသကြား ထုတ်လုပ်မှုကိုလည်း သက်ရောက်စေခဲ့ကြောင်း United Sugar Producers Federation (UNIFED) ဥက္ကဋ္ဌမှ ပြောကြားခဲ့ပြီး ယခုဖြစ်ပေါ်သည့် အယ်နီညိုသည် ယခင်နှင့် ကွဲပြားမှုရှိပြီး ကြံစိုက်ခင်းများ အချိန်အကြာကြီးထိခိုက်စေမှုမှာ ၎င်းအတွေ့အကြုံအရ ပထမဆုံးဖြစ်ကြောင်း ပြောကြာခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ကြံထွက်ရှိရာ Negros ဒေသမှ အထွက်နှုန်း ၃၀% ခန့်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပြီး ပြည်တွင်းသကြားထုတ်လုပ်သည့် စက်ရုံများမှလည်း ထုတ်လုပ်မှု နှောင့်နှေးလာနိုင်ပါကြောင်း၊ မိုးကျသည့်အခါမှ ကြံပြန်လည်စိုက်ပျိုးရမည်ဖြစ်သဖြင့် ပြည်တွင်းသကြားရောင်းချနိုင်မှုမှာ တဆက်တည်း နှောင့်နှေးကြန့်ကြာနိုင်ပါကြောင်း၊ ထို့အတွက် အဆိုပါကြားကာလ သကြား လိုအပ်ချက်အား ဖြည့်တင်းရန် ပြည်ပမှ သကြားတင်သွင်းရန် လိုအပ်လာပါကြောင်း သကြား အသင်းဥက္ကဋ္ဌမှ ထပ်လောင်းပြောကြားခဲ့ပါသည်။

ကြားကာလ ပြည်တွင်းသကြားလိုအပ်ချက်အား ဖြည့်တင်းရန် သကြားတန်ချိန် ၁၈၅,၀၀၀ မှ ၂၀၀,၀၀၀ ကြားတင်သွင်းလျှင် လုံလောက်ပါကြောင်း၊ အကယ်၍ ပိုမိုတင်သွင်းခဲ့မည်ဆိုပါက ကြံရာသီ ပြန်လည်စတင်ပါက ပြည်တွင်းကြံတောင်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ဖြစ်ပါ ကြောင်း၊ Cloud Seeding Operation အားပြုလုပ်နိုင်ရန် ကိုယ်ပိုင်လေယာဉ် ဝယ်ယူရန်ရှိ/မရှိကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များသို့ UNIFED တာဝန်ရှိအကြီးအကဲမှ မေးမြန်းခဲ့ပါသည်။ အထူး သဖြင့် ကြံစိုက်ပျိုးရာဒေသဖြစ်သော Negros ဒေသအာဏာပိုင်များအနေဖြင့် မျိုးစေ့ကျဲနိုင်သည့် လေယာဉ်ဝယ်ယူခြင်းဖြင့် အဆိုပါဒေသအစိုးရ၏ စိုက်ပျိုးရေးကဏ္ဍမှ ရရှိသည့် ဝင်ငွေတိုးမြင့်လာနိုင်မည်ဖြစ်သဖြင့် တိုက်တွန်းရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်းသကြား လိုအပ်ချက်အား ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်း အမေရိကန်ဈေးကွက်သို့ သကြားတင်ပို့နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လက အမေရိကန်မှ ဖိလစ်ပိုင်နိုင်ငံသို့ သကြားကြမ်း မက်ထရစ်တန် ၂၅,၃၀၀ တန်အား အကောက်ခွန်အနိမ့်နှုန်းဖြင့် တင်ပို့ရန် သဘောတူညီခဲ့ပြီး ဖြစ်ပါကြောင်း၊ အမေရိကန်သို့ ပေးပို့မည့်ခွဲတမ်းအတွက် စက်တင်ဘာလ ၃၀ ရက်နေ့ထိ တိုင်အောင် ဖြည့်တင်းသွားရန် ခွင့်ပြုထားပြီးဖြစ်ပါသည်။ သကြားတင်သွင်းမှု/တင်ပို့မှု အစီအစဉ်များနှင့် စပ်လျဉ်း၍ Philippines Sugar Regulatroy Board  မှ Sugar Order ထုတ်ပြန်ခြင်းမရှိသေးပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source; https://www.philstar.com/headlines/2024/05/13/2354640/200000-mt-sugar-importation-needed-prevent-shortage

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News