International News

တရုတ်နိုင်ငံနှင့် သစ်သီးကုန်သွယ်မှုသည် ကမ္ဘာ့တစ်ဝန်းသို့ အခွင့်အလမ်းကောင်းများ သယ်ဆောင်လာ

Last Updated:

ကမ္ဘာ့အကြီးဆုံး သစ်သီးဈေးကွက်များအနက်မှတစ်ခုဖြစ်သည့် တရုတ်နိုင်ငံသည် ဒူးရင်း သီးမှ ချယ်ရီသီး၊ ကီဝီသီး၊ ထောပတ်သီးအထိ ကြီးထွားလာနေသော ပြည်တွင်းဝယ်လိုအားကို ဖြည့် ဆည်းရန်အတွက် လတ်ဆတ်ပြီး အရည်အသွေးမြင့် သစ်သီးများကို တင်သွင်းခြင်းဖြင့် ကမ္ဘာ တစ်ဝန်းရှိ သစ်သီးစိုက်ပျိုးသည့်တောင်သူများနှင့် ကုန်သည်များအတွက် ကောင်းမွန်သော အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သစ်သီးတင်သွင်းမှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၆.၈၅) ဘီလီယံရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၅) ရာခိုင်နှုန်း တိုးလာကာ စုစုပေါင်း တင်သွင်းမှု ပမာဏသည် တန်ချိန် (၇.၅၂၄) သန်းဖြင့် ယခင်နှစ်ထက် (၃) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ၎င်းတို့အနက် လတ်လတ်ဆတ်ဆတ်ဒူးရင်းသီး တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၆.၇၂) ဘီလီယံ အထိရှိခဲ့ပြီး (၆၆) ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာကာ ဒူးရင်းသီးသည် တရုတ်နိုင်ငံ၏ တင်သွင်းမှုအများဆုံးသစ်သီးဖြစ်လာကြောင်း သိရှိရပါသည်။

စျေးကွက်ဝင်ရောက်မှု အခြေအနေများ လျှော့ပေါ့ပေးခြင်း၊ အကောက်ခွန်ရှင်းလင်းမှု အဆင် ပြေချောမွေ့စေခြင်းနှင့် နယ်စပ်ဖြတ်ကျော် အအေးခန်းထောက်ပံ့ပို့ဆောင်ရေး စနစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ယခုအခါ တရုတ်စားသုံးသူများသည် ပိုမိုသက်သာသော စျေးနှုန်းဖြင့် ဒူးရင်းသီးကို ဝယ်ယူစားသုံးနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်ဈေးကွက်သို့ ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများ စတင်ဝင်ရောက် လာသော်လည်း ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကို နှစ်အတန်ကြာ လွှမ်းမိုး ထားခဲ့ကြောင်း၊ တရားဝင်အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဒူးရင်းသီး လတ်လတ်ဆတ်ဆတ်တန်ချိန် (၁.၄၂၆) သန်းတင်သွင်းခဲ့သည့်အနက် ထိုင်းမှတန်ချိန် (၉၂၉,၀၀၀) နှင့် ဗီယက်နမ်မှ တန်ချိန် (၄၉၃,၀၀၀)တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။ ကြီးထွားလာသော ဈေးကွက်ဖိအားများကို ရင်ဆိုင်ရန်အတွက် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဒူးရင်းသီးမျိုးစိတ်များ ဖွံ့ဖြိုးတိုးတက်မှု၊ ဒူးရင်းသီးအရည်အသွေးထိန်းသိမ်းမှုနှင့် မြန်ဆန်ထိရောက်သော သယ်ယူပို့ဆောင်မှုတို့ဖြင့် ယှဉ်ပြိုင်မှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဈေးကွက်ပြိုင်ဆိုင်မှုသည် ပါဝင်ပတ်သက်သူအားလုံးအတွက် အပြန်အလှန်အကျိုးရှိသော အခြေအနေကို ဖြစ်ပေါ်စေကြောင်း၊ ဗီယက်နမ်ဒူးရင်းသီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် တရုတ်စားသုံးသူများသည် ဈေးနှုန်းသက်သာစွာဖြင့် ဒူးရင်းသီးများကို စားသုံးလာနိုင်ကြပြီး ကြီးထွားလာနေသော တရုတ်စျေးကွက်ကြောင့် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှု စံချိန်တင်မြင့်မားခဲ့ကြောင်း သိရှိရပါသည်။

စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်၊ ပထမလေးလတွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒူးရင်း သီး လတ်လတ်ဆတ်ဆတ် တန်ချိန် (၂၂၅,၀၀၀) ကျော် တင်ပို့ခဲ့ပြီး မေလတွင်လည်း အရှိန် အဟုန်ဖြင့် ဆက်လက်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် တိုးမြှင့်တင်သွင်းလာသော သစ်သီးဝလံများအပေါ် အခွန်လျှော့ချပေးပြီး ဈေးကွက်ဝင်ရောက်ခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံတကာ ကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်နှင့် တရုတ်-လာအို ရထားလမ်းတို့ကဲ့သို့သော အဓိက စီမံကိန်းများသည် သစ်သီးတင်သွင်းမှုများကို အထောက်အကူဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိပြည်နယ်အဆင့်ဒေသများနှင့် အာဆီယံအဖွဲ့ဝင်များပူးပေါင်းတည်ဆောက်ထားသည့် နိုင်ငံတကာကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်သည် နိုင်ငံနှင့် ဒေသပေါင်း (၁၂၀) ရှိ ဆိပ်ကမ်းပေါင်း (၄၉၀) အထိ တိုးချဲ့ချိတ်ဆက်ထားပြီး ဖြစ်ကြောင်း အဆိုပါစင်္ကြံ၏ အချက်အချာဖြစ်သည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့် မြူနီစီပယ်မှ ဇန်နဝါရီလတွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။

လာအိုမြို့တော် ဗီယန်ကျင်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ဆက်သွယ်ထားသည့် တရုတ်-လာအို မီးရထားလမ်းသည် ဧပြီလလယ်ပိုင်းအထိ သွင်းကုန်/ပို့ကုန် တန်ချိန် (၈) သန်းကျော်ကို ဆောင်ရွက်နိုင်ခဲ့ပြီး ရထားလမ်းမှတစ်ဆင့် ဒူးရင်း သီးတင်သွင်းမှု (၇) ဆကျော် မြင့်တက်လာခဲ့သည်ဟု ကူမင်းအကောက်ခွန်ဌာနက ဧပြီလတွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ချီလီနိုင်ငံမှ ချယ်ရီသီးတန်ချိန် (၂,၀၀၀) ကျော်တင်ဆောင် သည့် ကွန်တိန်နာသင်္ဘောသည် ထန်ကျင်းသို့ ဆိုက်ရောက်ခဲ့ကြောင်း၊ ကီလိုမီတာ (၂၀,၀၀၀) ကျော်ဝေးသော လက်တင်အမေရိက ချယ်ရီသီးများအတွက် ပထမဆုံး တိုက်ရိုက်ပို့ဆောင်ရေး ဝန်ဆောင်မှုအဖြစ် တရုတ်နိုင်ငံမြောက်ပိုင်း ပေကျင်း-ထန်ကျင်း-ဟဲပေဒေသသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် (၇) နှစ်အတွင်း တရုတ်နိုင်ငံသို့ ချီလီမှ ချယ်ရီသီးတင်ပို့မှုသည် ခန့်မှန်းခြေ တစ်နှစ်ပျမ်းမျှ တိုးတက်မှုနှုန်း (၂၉) ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း၊ ချီလီသစ်သီးဝလံ တင်ပို့သူများအသင်းက ၂၀၂၄ ခုနှစ်၊ ပထမရာသီတွင် ချယ်ရီသီး (၈၅) ရာခိုင်နှုန်းကျော်ကို တရုတ် နိုင်ငံသို့ တင်ပို့မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

တရုတ်ဈေးကွက်၏ ဝယ်လိုအား ကြီးထွားလာမှုကြောင့် ချီလီနိုင်ငံ၌ ချယ်ရီစိုက်ဧရိယာ တိုးတက်လာခဲ့ပြီး ဒေသခံတောင်သူများကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ချီလီနိုင်ငံ၌ ချယ်ရီစိုက်ဧရိယာစုစုပေါင်း (၃,၂၄၁) ဟက်တာသာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် (၆၁,၅၅၉) ဟက်တာအထိ ကြီးထွားလာခဲ့ကြောင်း ချီလီစိုက်ပျိုးရေးလေ့လာရေးနှင့် မူဝါဒရုံး၏ အချက်အလက်များအရ သိရှိရပါသည်။

အာဆီယံနှင့် လက်တင်အမေရိကအပြင် အာဖရိကသည်လည်း တရုတ်ဖောက်သည်များ၏ အသီးအနှံဝယ်လိုအားကြီးထွားလာခြင်းကြောင့် အကျိုးဖြစ်ထွန်းခဲ့ကြောင်း၊လက်ရှိတွင် တရုတ်နိုင်ငံသည် လိမ္မော်သီး၊ ထောပတ်သီးနှင့် horned melons ကဲ့သို့သော အာဖရိကသစ်သီးများအတွက် အကောက်ခွန်ရှင်းလင်းရန် အစိမ်းရောင်လမ်းကြောင်းကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ကင်ညာတွင် စိုက်ပျိုးထားသော လတ်ဆတ်သော ထောပတ် သီး ပထမအသုတ်သည် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ကင်ညာသည် တရုတ်နိုင်ငံသို့ လတ်ဆတ် သော ထောပတ်သီးများကို ပထမဆုံးတင်ပို့သည့် အာဖရိကနိုင်ငံဖြစ်လာခဲ့ကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံသို့ လတ်ဆတ်သော ထောပတ်သီးများ တင်ပို့ခြင်းသည် ၎င်းတို့၏စီးပွားရေး ကို မြှင့်တင်ပေးပြီး လယ်သမားများအပါအဝင် ထောပတ်သီးတန်ဖိုးကွင်းဆက်တစ်လျှောက်လုံးကို အကျိုးရှိစေမည့် ကြီးမားသောလုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ကင်ညာစက်မှုလက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံခန့်ခွဲရေးအရာရှိချုပ် David Osiany က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ အာဖရိကမှ သစ်သီးများဝင်ရောက်ခြင်းသည် ၎င်း၏လယ်ယာထွက်ကုန် တင်သွင်းသည့် အရင်းအမြစ်များကို ကွဲပြားအောင်ပြုလုပ်ရန် တရုတ်၏ ဆုံးဖြတ်ချက်ကို ပြသခြင်းဖြစ်သည်ဟု Johannesburg ရှိ တောင်အာဖရိကနိုင်ငံတကာရေးရာအင်စတီကျုမှ တရုတ်-အာဖရိကသုတေသီ Lauren Johnston က South China Morning Post သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၌ သစ်သီးဝလံဝယ်လိုအားသည် ဆက်တိုက်တိုးတက်လျက်ရှိသဖြင့် ပြည်ပမှ သစ်သီးများကို ဆက်တိုက်တင်သွင်းခွင့်ပြုလျက်ရှိရာ မြန်မာနိုင်ငံမှ ထောပတ်သီး၊ ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ တင်သွင်းခွင့် အမြန်ဆုံးရရှိရေးကိုလည်း တွန်းအားပေးဆောင်ရွက်သင့်ပါ သည်။

 

Source: https://english.news.cn/20240606/146a061d94314b57a85339a68ac4ef12/c. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News