International News

ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၂၄ ကို ဧပြီလတွင် ဟနွိုင်းမြို့၌ ကျင်းပသွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးကုန်စည်ပြပွဲဖြစ်သည့် Vietnam Expo ၂၀၂၄ ကို ဟနွိုင်းမြို့တွင် ဧပြီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ပြုလုပ်ရန် စီစဉ်ထားပြီး စီးပွားရေးလုပ်ငန်းပေါင်း ၄၈၀ ကျော်မှ ဝင်ရောက်ပြသမည်ဟု မျှော်လင့်ထားကြောင်း သိရှိရပါသည်။ အဆိုပါပြပွဲတွင် အိန္ဒိယ၊ တောင်ကိုရီးယား၊ ရုရှားနှင့် တရုတ်အပါအဝင် နိုင်ငံနှင့် နယ်မြေ ၁၆ ခုမှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်မြှင့်တင်ရေးတို့တွင် အဓိကအုပ်စု (၅) ခု ဖြစ်သည့် နိုင်ငံတကာထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ e-commerce နှင့် အစားအသောက်လုပ်ငန်းများကို အဓိကထား၍ ပြခန်းပေါင်း ၅၅၀ တွင် အဆိုပါကုန်ပစ္စည်းများကို ပြသမည်ဖြစ်ကြောင်း၊ အိန္ဒိယ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ITPO) မှ ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ တွင် အောင်မြင်မှုများရရှိသကဲ့သို့ ၂၀၂၄ ခုနှစ်တွင်လည်း ပြပွဲတွင် ပါဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းကြား  ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကိုရီယားနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) မှ Vietnam Expo ကို ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် အထူးပွဲအဖြစ် ရွေးချယ်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်တွင် ၂၅ နှစ်ပြည့်ပြီဖြစ်ပြီး အဆိုပါပွဲသည် နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရန် တံတားတစ်ခုအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ်သည် ဗီယက်နမ်နှင့် ရုရှားနိုင်ငံတို့ကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ ဤအခါသယမအနေဖြင့် ရုရှားပြခန်းတွင် မော်စကိုမှ အထင်ကရကုမ္ပဏီများ စုစည်းပြသမည်ဖြစ် ကြောင်း၊ အဆိုပါ ကုမ္ပဏီများသည် အရှေ့တောင်အာရှတစ်ခုလုံးတွင် သာမက အထူးသဖြင့် ဗီယက်နမ်၏ မိတ်ဖက်များနှင့်လည်း စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် စိတ်အားထက်သန်လျက်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ဒုတိယအကြီးဆုံး ပို့ကုန်ဈေး ကွက်ဖြစ်ပြီး တရုတ်ပြခန်းတွင် Fujian နှင့် Guangdong ကဲ့သို့သော မြို့ကြီးများနှင့် ပြည်နယ် များမှ စက်ယန္တရားများ ပြသမည့် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း၊ နည်းပညာ လွှဲပြောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် မျှော်လင့်ကြောင်းသိရှိရသည်။

Vietnam Expo 2024 ကုန်စည်ပြပွဲသည် ဗီယက်နမ်နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး ၂၃ မြို့မှ ကုန် ပစ္စည်းများ တင်ပို့ရောင်းချသည့် တစ်ပြည်နယ် ထုတ်ကုန်တစ်မျိုး (OCOP) အတွက် ဈေးကွက်ချဲ့ထွင်ရန် ရည်ရွယ်ကြောင်းသိရှိရပါသည်။ထို့အပြင်နိုင်ငံများအကြား ကုန်သွယ်မှုအခွင့်အလမ်းများတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အသိပညာများ မျှဝေခြင်းနှင့် ဆွေးနွေးမှုများ တိုးပွာလာစေရန်အတွက် အမျိုးမျိုးသော အလုပ်ရုံဆွေးနွေးပွဲနှင့် ဖိုရမ်များကို ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

Source:  VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News