International News

တောင်ကိုရီးယားနိုင်ငံမှ ချစ်ပ်များနှင့် ကားတင်ပို့မှုသည် စုစုပေါင်းပို့ကုန် တင်ပို့မှု၏ ၃၀ ရာခိုင် နှုန်းကျော်အထိ ရှိလာ

Last Updated:

၂၀၂၄ ခုနှစ်၊ ဒုတိယ သုံးလပတ်ကာလတွင် တောင်ကိုရီးယားနိုင်ငံမှ ချစ်ပ်ပြားများနှင့် ကား တင်ပို့မှုမှ ဝင်ငွေအမေရိကန်‌ဒေါ်လာ ၅၄.၃ ဘီလီယံ ရရှိခဲ့သဖြင့် နိုင်ငံ၏ စုစုပေါင်းပို့ကုန်တင်ပို့မှု ဝင်ငွေ၏ ၃၁.၇ ရာခိုင်နှုန်းကျော်အထိရှိသည်ဟု ကိုရီးယားအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအသင်း အဖွဲ့ (Korea International Trade Association – KITA) က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ကာလအတွင်း ချစ်ပ်ပြားများ တင်ပို့မှုမှ ဝင်ငွေရရှိမှုသည် စုစုပေါင်းတင်ပို့မှုဝင်ငွေ၏ ၂၀.၃ ရာခိုင်နှုန်းအထိရှိပြီး ကားတင်ပို့မှုမှဝင်ငွေသည်လည်း စုစုပေါင်း တင်ပို့မှုဝင်ငွေ၏ ၁၁.၄  ရာခိုင်နှုန်းရှိသည်ဟု ၁၁-၈-၂၀၂၄ ရက်နေ့တွင် KITA က သတင်း ထုတ်ပြန် ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ပထမ သုံးလပတ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှ ချစ်ပ်ပြားများနှင့် ကားတင်ပို့မှုဝင်ငွေသည် နိုင်ငံ၏ စုစုပေါင်းပို့ကုန် တင်ပို့မှုဝင်ငွေ၏ ၂၉.၇ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလတွင် အဆိုပါကုန်စည်များပိုမိုတင်ပို့နိုင်ခဲ့သည်ကို လေ့လာ တွေ့ရှိရသည်ဟု KITA က  ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဒုတိယ သုံးလပတ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ချစ်ပ်ပြားများကို ပြည်ပမှ ဝယ်လိုအားကောင်းလာသည့်အပြင်  ပျမ်းမျှရောင်းဈေးလည်း မြင့်မားလာခဲ့ကြောင်း၊ AI Processors များအတွက် ရည်ရွယ်ထုတ်လုပ်သော မှတ်ဉာဏ်ချစ်ပ်ပြားများကိုလည်း တင်ပို့ရမှု မြင့်မားလာကြောင်း၊ သို့ဖြစ်၍ ၎င်းချစ်ပ်ပြားများထုတ်လုပ်သည့် Samsung Electronics နှင့်  SK hynix တို့၏ ဝင်ငွေမြင့်မားလာသည့်အပြင် ရှယ်ယာတန်ဖိုးများမြင့်မားလာကြောင်းနှင့် ဆက်လက် ၍လည်း ခေတ်ရှေ့ပြေး မှတ်ဉာဏ်ချစ်ပ်ပြားများကို ဝယ်လိုအားပုံမှန်ရှိလာနိုင်ကြောင်း KITA က  ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဒုတိယ သုံးလပတ်ကာလအတွင်း EV ကားများကို ကမ္ဘာ့ဝယ်လိုအား နည်းလာ သဖြင့် ကားတင်ပို့မှု နှေးကွေးလာကြောင်း၊ သို့သော် ကားတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉.၅ ဘီ လီယံ ရရှိခဲ့သည့်အတွက် ဝင်ငွေအရ တိုးတက်ခဲ့ကြောင်း၊ EV ကားများကို ကမ္ဘာ့ဝယ်လိုအား နည်း လာသော်လည်း Hybrid Vehicles နှင့် SUVs ကားများကို မြောက်အမေရိကတိုက်တွင် ဝယ်လို အား ပုံမှန်ရှိနေကြောင်း၊ သို့သော် ပြည်တွင်းရှိ ကားလုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ကားတင် ပို့သူများနှင့် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရမှုမြင့်မားလာသည့်အပြင် ပြည်တွင်းအတိုးနှုန်း မြင့်မား ခြင်းတို့ကို ရင်ဆိုင်နေရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဒုတိယ နှစ်ဝက်ကာလအတွင်း ကားတင်ပို့မှုကို ဆက်လက်ထိန်းထားနိုင်ခြင်း ရှိ/မရှိအပေါ် စိတ်ဝင်စားစွာ စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်ကာလအတွင်း  ကားတင်ပို့မှုသည် အစီးရေ ၁.၆၇ သန်းရှိခဲ့ရာ ယခင်နှစ် အလားတူကာလက တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင်လည်း ၁ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်လည်း ကားအစီးရေ ၁၉၉,၀၁၈ စီးသာ တင်ပို့ခဲ့ရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇွန် လအတွင်း တင်ပို့ခဲ့ရသည့်ပမာဏထက် ၂၁.၁ ရာခိုင်နှုန်းလျော့နည်းခဲ့သည့်အပြင် ယခင်နှစ်အလား တူကာလက တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင်လည်း ၁၃.၄ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း ကိုရီးယား ကားနှင့် ရွေ့လျားသွားလာမှုဆိုင်ရာအသင်း (Korea Automobile & Mobility Association) က ပြောကြားခဲ့ပါသည်။

 

 

https://www.koreatimes.co.kr/www/tech/2024/08/129_380349.html

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

 

 

 

 

 

 

 

 

 

 

Category: International News