International News

ဖိလစ်ပိုင်နိုင်ငံမှ ကြက်သွန်နီတင်သွင်းခွင့်ရပ်ဆိုင်းထားခြင်းအား ဩဂုတ်လအထိ သက်တမ်းတိုးမြှင့်

Last Updated:

ဖိလစ်ပိုင်နိုင်ငံမှ ကြက်သွန်နီတင်သွင်းခွင့် ရပ်ဆိုင်းထားခြင်းသည် ယခုဇူလိုင်လတွင်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ရှေ့ဩဂုတ်လအထိ သက်တမ်းထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၁၅-၇-၂၀၂၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ လက်ရှိကာလအထိ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကြက်သွန်နီတင်သွင်းရန် မလိုအပ်သေးပါကြောင်းနှင့် လက်ကျန်ပမာဏအခြေအနေအား လစဉ်စောင့်ကြည့်ပြီး လိုအပ်သကဲ့သို့ သက်တမ်းတိုးမြှင့်သွားမည်ဖြစ် ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ကြက်သွန်နီလက်ကျန်ပမာဏဖူလုံပြီး ရောင်းလိုအားများပြားနေသည့်အတွက်ဈေးနှုန်းကျဆင်းမှုများ မမြင့်မားစေရန် ကြက်သွန်နီတင်သွင်းမှုအား ၂၀၂၄ ခုနှစ်၊ မေလအထိ ရပ်ဆိုင်း ထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်အား ဇူလိုင်လအထိ သက်တမ်းတိုးခဲ့ပြီးနောက် ယခုထပ်မံ၍ ဩဂုတ်လအထိ သက်တမ်းတိုးမြှင့်ခြင်းဖြစ်ပါသည်။

ကြက်သွန်နီကုန်သည်များအနေဖြင့် ကြက်သွန်နီများကို သိုလှောင်ထား၍ ဈေးကစားခြင်းမပြု လုပ်ရန်နှင့် ဈေးကွက်တွင်းသို့ဖြန့်ချိရန်လည်း သတိပေးထားပြီး ဈေးကွက်တွင်းကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စောင့်ကြည့်လျက်ရှိပါသည်။ အကယ်၍ လိုအပ်ပါက ဈေးနှုန်းတည်ငြိမ်စေရန် ချက်ချင်းတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ၅-၇-၂၀၂၄ ရက်နေ့အထိ ကြက်သွန်နီ (Red Onions) မက်ထရစ်တန်ချိန် ၁၅၂,၈၃၉.၂၅ တန်နှင့် Yellow Onions မက်ထရစ်တန်ချိန် ၁၀,၆၀၄.၄၂ တန်တို့အား တင်သွင်းထားပြီးဖြစ်ကြောင်း သိရှိရပါ သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သွန်နီလက်ကျန်ပမာဏသည် နောင်လာမည့် ၈ လခန့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလထိတိုင်အောင် လုံလောက်မှုရှိပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဈေးနှုန်း စောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ ၁၂-၇-၂၀၂၄ ရက်နေ့ရှိ ဈေးကွက်တွင်း ကြက်သွန်နီဈေးနှုန်း တစ်ကီလိုလျှင် ပီဆို ၈၀ ( ၅၆၀ ကျပ်ဝန်းကျင်ခန့်)၊ ကြက်သွန်ဖြူ တစ်ကီလိုလျှင် ပီဆို ၆၀ ( ၅၄၀ ကျပ် ဝန်းကျင်ခန့်) ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းကာလများနှင့် ၂၀၂၃ ခုနှစ် အစောပိုင်းကာလများတွင် ကြက်သွန်နီ တစ်ကီလိုလျှင် ပီဆို ၇၀၀ ( ၄၉၀၀ ကျပ်ဝန်းကျင်ခန့်) ထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းလက်ကျန် ပမာဏ လုံလောက်မှုမရှိခြင်းနှင့် ပြည်ပမှ တင်သွင်းမှုများ နှောင့်နှေးကြန့်ကြားခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ယခု ၂၀၂၄ ခုနှစ်တွင်မူ ကြက်သွန်နီအဓိကစိုက်ပျိုးသည့် Central Luzon ဒေသမှ စိုက်ပျိုးဧရိယာ ၁၀,၃၈၈ ဟက်တာရှိခဲ့ပြီး အထွက်နှုန်း ၄၀% ခန့် တိုးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

ယခုသက်တမ်းတိုးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကြက်သွန်နီတင်သွင်းခြင်းကို ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဈေးကွက်တွင်း ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စောင့်ကြည့်လျက်ရှိပြီး ကုန်သည် များအနေဖြင့် ၎င်းတို့၏ လက်ဝယ်ရှိ ကြက်သွန်နီများအား ဈေးကွက်တွင်းသို့ ဖြန့်ချိရောင်းချခြင်း မရှိပဲ သိုလှောင်ဈေးကစားခြင်းကို ပြုလုပ်မည်ဆိုပါက ကြက်သွန်နီတင်သွင်းခွင့်အား ချက်ချင်း ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ သတိပေးပြောကြားထားပါ သည်။ ၅-၇-၂၀၂၄ ရက်နေ့ အအေးခန်း သိုလှောင်ရုံတွင် ကျန်ရှိနေသည့် ကြက်သွန်နီ လက်ကျန်ပမာဏမှာ မက်ထရစ်တန်ချိန် ၁၅၀,၀၀၀ ခန့် ရှိပြီး ပြည်တွင်းစိုက်ပျိုးထွက်ရှိမှုနှင့် ရောင်းချနိုင်သည့် ပမာဏသည် လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လအထိ လုံလောက်မှုရှိကြောင်း ခန့်မှန်းထားသည်ကို လေ့လာသိရှိရပါကြောင်း တင်ပြအပ်ပါသည်။

 

 

Source: https://www.manilatimes.net/2024/07/16/business/top-business/onion-import-ban-extended-to-august/1957607

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News