International News

မသေချာမှုများစွာရှိနေသော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံကြား ပင်လယ်စာကုန်သွယ်မှုကို တရုတ်လုပ်ငန်းရှင်များအနေဖြင့် စိတ်အားထက်သန်လျက်ရှိ

Last Updated:

နှစ်နိုင်ငံကုန်သွယ်မှု နယ်ပယ်ပေါင်းစုံ၌ မရေရာ မသေချာမှုများ ရှိနေသော်လည်း အမေရိကန်နှင့် တရုတ်ပင်လယ်စာလုပ်ငန်းမှ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံအတွင်း လုပ်ငန်းတိုးချဲ့ခြင်းနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ကြိုးပမ်းအားထုတ်မှုများ ရှိလာခဲ့သည်။ မြောက်အမေရိက၊ ဘော်စတွန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၄ ခုနှစ် ပင်လယ်စာကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံမှ ကုမ္ပဏီပေါင်း ၆၀ နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။ အမေရိကန်ဈေးကွက်သည် အလားအလာများရှိကြောင်း၊ ယင်းဈေးကွက်ကို ယုံကြည်ကြောင်း၊ Zhanjiang Manxian Attain Seafood Co., Ltd အနေဖြင့် ၎င်းတို့ထုတ်ကုန်များ ပထမဆုံးအကြိမ် မိတ်ဆက်ပြခြင်းဖြစ်ကြောင်း ကုမ္ပဏီဒုတိယဥက္ကဋ္ဌ Danny Deng က ပြပွဲကာလအတွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် တီလားပီးယားငါးအတွက် ပြီးပြည့်စုံသော စက်မှုလုပ်ငန်း ကွင်းဆက်များ ရှိသော်လည်း လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သည့် တူနာငါးနှင့် အခြားရေထွက်ကုန် များအတွက် အလားအလာရှိသော ဖောက်သည်များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ပြခန်းသို့ လာရောက်လေ့လာခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အမေရိကန်သို့ ဈေးကွက်ဖွင့်လှစ်မှုကို အဆင့်ဆင့် လုပ်ဆောင်သွားပြီး စားသုံးသူများအတွက် အရည်အသွေးအကောင်ဆုံး ထုတ်ကုန်များကို ပေးအပ်သွားမည်ဖြစ်ကြောင်း Danny Deng က ဆက်လက်ပြောကြားခဲ့သည်။

Maine-based Greenhead Lobster LLC ၏ စျေးကွက်ရှာဖွေရေးတာဝန်ခံ Allison Melvin ကလည်း တရုတ်နိုင်ငံသည် ပို့ကုန်ဈေးကွက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမှန် တကယ် အရေးကြီးသည့် ဈေးကွက်တစ်ခုဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသို့ ပုစွန်တင်ပို့မှု ခေတ္တရပ်တန့်သွားခဲ့သော်လည်း ယခုအချိန်တွင် အရာအားလုံး ပြန်လည်ကောင်းမွန်လာပြီး ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီကြောင်း၊ တရုတ်နိုင်ငံသို့ ကျောက်ပုစွန်တင်ပို့မှုမှာ ခိုင်မာနေပြီး ကုမ္ပဏီအနေဖြင့် အခြားကဏ္ဍများတွင်လည်း တရုတ်နိုင်ငံ နှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်သွားရန် အမြဲမျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

China Aquatic Products Processing and Marketing Alliance (CAPPMA) ၏ အချက် အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မှ ရေထွက်ပစ္စည်း တန်ချိန် ၃၇၃,၁၀၀ တန် တင်သွင်းနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂ ဒသမ ၁၃ ရာခိုင်နှုန်း မြှင့်တက်ခဲ့သည်။ အဆိုပါကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် အမေရိကန်သို့ ရေထွက်ပစ္စည်း တန်ချိန် ၃၅၄,၉၀၀ တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁၃ ဒသမ ၉၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တွေ့ရှိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခွန်အကောက်ကိစ္စများ၊ ကြီးမားလာသည့် ငွေကြေးဖောင်းပွမှု၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း၊ ရုရှားနှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတို့ အပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် စီးပွားရေးဗီဇာရရှိရန် ခက်ခဲမှုများသည် ဆိုးရွားသော သက်ရောက်မှုများဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုများ မြင့်မားနေချိန် အတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ရေထွက်ကုန်များ ကုန်သွယ်မှုအပေါ် စည်းကြပ်ခွန် များ ချမှတ်ထားကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်တို့သည် ရေထွက်ကုန်များ ကုန်သွယ်မှုတွင် နှစ်ပေါင်းများစွာ အရေးပါသော ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများ ဖြစ်ကြပြီး ယခင်နှစ်အနည်းငယ် အတွင်း တရုတ်နိုင်ငံမှ ရေထွက်ကုန် တင်သွင်းမှုများ သိသိသာသာ တိုးတက်လာခဲ့ကြောင်း CAPPMA ဥက္ကဋ္ဌ Cui He က ပြောကြားခဲ့သည်။

 

 

အရင်းမြစ်။     http://en.people.cn/n3/2024/0315/c90000-20145559.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News