ရုန်းကန်နေရသောဂျာမနီနိုင်ငံမှ ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Volkswagen သည် အမေရိကန်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့်ကုမ္ပဏီ Rivian နှင့် လျှပ်စစ်ကားဖက်စပ်လုပ်ငန်း ကို စတင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ဖက်စပ်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၈ဘီလီယံ (ယူရို၅.၄၆ဘီလီယံ) ရှိကြောင်း ဖော်ပြထားပါသည်။
Rivian သည် ၎င်း၏အဆင့်မြင့်ဆော့ဖ်ဝဲလ်နှင့် လျှပ်စစ်ကားနှင့်ပတ်သက်သည့်နည်းပညာ တို့ပေါင်းစပ်၍ Model အသစ်များကို ၂၀၂၇ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း VW Group ၏ CEO ဖြစ်သူ Mr. Oliver Blume က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto တွင် ၁၂-၁၁-၂၀၂၄ ရက်၌ပြုလုပ်ခဲ့သော ဖက်စပ်လုပ်ငန်းမိတ်ဆက်ပွဲ၌ပြောကြားခဲ့သည်။ ၂၀၂၇ ခုနှစ်အတွက် မော်တော်ကားဖြန့်ချီမှုကို Volkswagen မှစတင်မည်ဖြစ်ပြီး Audi၊ Scout၊ Porsche နှင့် အခြားအမှတ်တံဆိပ်များက ၎င်း၏နောက်တွင် လိုက်ပါဆောင်ရွက်လာမည်ဖြစ်ကြောင်း Mr. Blume မှ ပြောကြားခဲ့သည်။
ကုမ္ပဏီများနေဖြင့် ၎င်းတို့ဖက်စပ်ကုမ္ပဏီနှစ်ခုစလုံး၏ လျှပ်စစ်ကားများတွင် အသုံးပြုနိုင်ရေးအတွက် Next generation software-defined (SDV) platforms တစ်ခုကို ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဖက်စပ်လုပ်ငန်းတစ်ခုစတင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်။
လျှပ်စစ်ကားဖက်စပ်လုပ်ငန်းကို ၁၃-၁၁-၂၀၂၄ ရက်တွင် စတင်လည်ပတ်ရန် စီစဉ်ထားပြီး ယင်းမှာ Palo Alto တွင် အခြေစိုက်မည်ဖြစ်ကာ ဥရောပနှင့် မြောက်အမေရိကတို့တွင်လည်း လုပ်ငန်းများဆောင်ရွက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါသဘောတူညီချက်သည် အမေရိကန်နိုင်ငံတွင် လျှပ်စစ်ကားများကိုဝယ်ယူသုံးစွဲလို သည့် သဘောဆန္ဒများလျော့နည်းလာချိန်၌ အရှုံးနှင့်ရုန်းကန်လည်ပတ်နေရသော Rivian ကုမ္ပဏီအတွက်အရေးကြီးသော ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ကောင်းတစ်ခုကို ပေးစွမ်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
Rivian ကုမ္ပဏီကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်စျေးကွက်တွင် လူကြိုက်များခဲ့သော အမြင့်ကား SUV နှင့် ပစ်ကပ်များကို အထူးထုတ်လုပ်ခဲ့ပါသည်။ ပြီးခဲ့သည့် သုံးလပတ်တွင် Rivian အနေဖြင့် ကားအစီးရေ(၁၀,၀၀၀)ခန့်ကို ထုတ်လုပ်ဖြန့်ချီခဲ့သော်လည်း ဝင်ငွေ အမေရိကန်ဒေါ်လာ(၈၇၄)သန်းသာရရှိပြီး အမေရိကန်ဒေါ်လာ (၃၉၂)သန်းခန့် အရှုံးပေါ်ခဲ့ ကြောင်းနှင့် ယမန်နှစ် အလားတူကာလတွင် Rivian သည် ယူရို (၇၈.၅) ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၃.၃ ဘီလီယံ) တန်ဖိုးရှိမော်တော်ယာဉ် (၂.၂) သန်းနီးပါးကိုထုတ်လုပ် ဖြန့်ချီခဲ့ရာ အခွန်ဆောင်ပြီးနောက် အသားတင်အမြတ်ငွေ ယူရို (၁.၅၈) ဘီလီယံ ကျန်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
VW သည် အရောင်းနှင့်ကုန်ကျစရိတ်အကျပ်အတည်းများအကြားတွင် လည်ပတ်နေရသဖြင့်ဂျာမနီရှိစက်ရုံများကိုပိတ်ရန်လိုအပ်လာချိန်တွင် ထောင်နှင့်ချီသောဝန်ထမ်းများကို အလုပ်မှထုတ်ပစ်ခဲ့ရကြောင်းနှင့် စျေးသက်သာသော တရုတ်လျှပ်စစ်ကားများနှင့် ပြိုင်ဆိုင်မှုများပိုမိုများ ပြားလာသော ဥရောပကားထုတ်လုပ်သူများ၏ အခြေအနေအမှန်ကို ကိုယ်တိုင်ရှုမြင်နေရပြီဖြစ် ကြောင်း ဖော်ပြထားပါသည်။
VW သည် ၎င်း၏ကိုယ်ပိုင်ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဖြစ်သော CARIAD နှင့်လည်း ပြဿနာများရှိနေခဲ့သည့်အတွက် ၎င်း၏လုပ်ငန်းခွဲများဖြစ်ကြသော Audi၊ Porsche တို့မှ EV များ မိတ်ဆက်ခြင်းကို (၂)နှစ်အထိအချိန်ယူခဲ့ရကြောင်း ဂျာမန်စီးပွားရေးနေ့စဉ်ထုတ် Handelsblatt တွင် ဖော်ပြထားချက်အရသိရှိရပါသည်။
Source: https://www.dw.com/en/germanys-vw-and-rivian-launch-joint-electric- car- venture/a-70771554
စီးပွားရေးသံမှူး၊ ဘာလင်