International News

အိန္ဒိယတွင် ဆောင်းရာသီ (Rabi) သီးနှံစိုက်ပျိုးမှုများအရှိန်ရနေသော်လည်း တောင်ပိုင်းပြည်နယ်များတွင် သီးနှံစိုက်ပျိုးမှုများ နောက်ကျနေ

Last Updated:

အိန္ဒိယနိုင်ငံတွင် ပွဲတော်ရာသီနီးကပ်လာသည်နှင့်အမျှ လယ်သမားများသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဈေးကောင်းရရှိခဲ့သည့် ကုလားပဲ၊ ဂျုံ၊ မုန်ညင်းနှင့် ပဲနီလေးတို့ကို ရွေးချယ် စိုက်ပျိုးလာမှုနှင့်အတူ ပြည်နယ်အားလုံးနီးပါးတွင် ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုများကို အရှိန်မြှင့် တင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သို့ရာတွင် အိန္ဒိယတောင်ပိုင်းပြည်နယ်များဖြစ်သည့်  Andhra Pradesh၊ Kerala နှင့် Tamil Nadu တို့တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ဆောင်းရာသီသီးနှံစိုက်ပျိုးမှုများ နှောင့် နှေးခဲ့ကြောင်း သိရှိရပါသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထူးသဖြင့် တောင်ပိုင်းပြည်နယ်များ၌  ကုလားပဲစိုက်ပျိုးမှုများကို နှောင့်နှေးစေခဲ့သဖြင့် တောင်သူများအား မတ်ပဲကဲ့သို့သော ဈေးကောင်းရရှိသည့် အခြားသီးနှံများကို ရွေးချယ်ရန် ဖြစ်လာကြောင်း Andhra Pradesh ပြည်နယ်မှ လယ်သမား တစ်ဦးဖြစ်သူ G Reddy က ပြောကြားခဲ့သည်။ Andhra Pradesh နှင့် Tamil Nadu တို့သည် မတ်ပဲ စိုက်ပျိုးထုတ်လုပ်ရာတွင် ထင်ရှားသည့် ပြည်နယ်များဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ကုလားပဲ ထုတ်လုပ်မှုနည်းပါးခြင်း ကြောင့် ပဲဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အလုံးစုံ စားသောက်ကုန် ငွေကြေးဖောင်းပွမှုကို ကြုံတွေ့ခဲ့ ရသဖြင့် အစိုးရသည် သွင်းကုန်ကန့်သတ်ချက်အားလုံးကို ဖယ်ရှားခဲ့ပြီး သိုလှောင်မှုဆိုင်ရာ ကန့် သတ်ချက်များ ချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။  မိုးရာသီတွင် မတ်ပဲစိုက်ပျိုးမှုသည်လည်း ပြည်တွင်းလိုအပ်ချက်ကိုပြည့်မီခြင်းမရှိသဖြင့် ဆောင်းရာသီးအထွက်နှုန်းကောင်းခြင်းသည် လယ်သမားများကို စျေးပိုကောင်းအောင် ကူညီပေးနိုင်သည်ဟု Reddy ကပြောကြားထားသည်။

အနောက်ပိုင်းပြည်နယ်များတွင် ဂျုံစိုက်ပျိုးမှုအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပြီး  ဂျုံသည် အဓိကဆောင်းရာသီ သီးနှံဖြစ်ပြီး နိုင်ငံအတွင်း စားသုံးသည့် အဓိက အစားအစာများထဲမှ တစ်ခုဖြစ်သည်။

Rajasthan ပြည်နယ်တွင် ဂျုံကို ဟက်တာ ၄၆,၀၀၀ ခန့် စိုက်ပျိုးထားရှိပြီး ယင်းမှာ ပြီးခဲ့သည့်နှစ်က မှတ်တမ်းတင်ထားသည့် ဟက်တာ ၆,၀၀၀ ထက်သိသိသာသာတိုးလာကြောင်း ပြည်နယ်အစိုးရ၏ အချက်အလက်များအရ သိရသည်။

ယခုရာသီအတွက် Rajasthan အစိုးရသည် ပြည်နယ်အတွင်း ဂျုံစိုက်ပျိုးရန်အတွက် ဟက်တာ ၃.၂ သန်းကို ရည်မှန်းထားကြောင်းသိရှိရသည်။  ဂျုံ စိုက်ပျိုးခြင်းကို အနောက် ဂူဂျာ ရတ်နှင့် Rajasthan ပြည်နယ်များတွင် စတင်စိုက်ပျိုးပြီး   Haryana နှင့် Punjab ပြည်နယ် တို့တွင် လည်း စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရှိရသည်။

အိန္ဒိယအစိုးရသည် ဂျုံ၏အနိမ့်ဆုံးထောက်ပံ့ရေးစျေးနှုန်း (MSP) ကို   ၂၀၂၅-၂၆ ရာသီချိန် အတွက် ၁၀၀ ကီလိုဂရမ်လျှင်  ၂၂၇၅ ရူပီး အဖြစ် ၁၅၀ ရူပီး တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ၂၀၂၃-၂၄ ခုနှစ်တွင်  ဂျုံစိုက်ပျိုးဧရိယာ ဟက်တာ ၃၁.၈၃ သန်းရှိပြီး ထုတ်လုပ်မှုမှာ တန်ချိန် ၁၁၃.၉၂ သန်းရှိမည်ဟုခန့်မှန်းထားကြောင်း၊ Uttar Pradesh ပြည်နယ်သည် နိုင်ငံအတွင်း ဂျုံအများဆုံးထွက်ရှိနေသည့် ပြည်နယ်ဖြစ်ပြီး  ၎င်း၏နောက်တွင် Madhya Pradesh၊ Punjab၊ Haryana၊ Rajasthan၊ Bihar၊ Gujarat နှင့် Maharashtra တို့မှာ အသီးသီးရပ်တည်လျက်ရှိသည်။

အာလူးသည် ယခင်နှစ် စိုက်ပျိုးထုတ်လုပ်မှု နည်းပါးခြင်းကြောင့် ဈေးကောင်းရရှိလာခြင်းနှင့်အတူ ယခုနှစ်ဆောင်းရာသီတွင်စိုက်ပျိုးရန် တောင်သူများ၏ ဦးစားပေးသီးနှံဖြစ်လာနိုင် ကြောင်းလည်း သိရှိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ဆောင်းရာသီသီးနှံများ အရှိန်အဟုန်ဖြင့် စိုက်ပျိုးနေသော်လည်း တောင်ပိုင်းဒေသ အချို့ပြည်နယ်များတွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ကုလားပဲ အစား မြန်မာနိုင်ငံ၏ အဓိကတင်ပို့ကုန်တစ်မျိုးဖြစ်သော မတ်ပဲကို အစားထိုးစိုက်ပျိုးလာခြင်း မတ်ပဲဈေးကွက်အပေါ် သက်ရောက်မှုများရှိလာနိုင်သဖြင့် လေ့လာစောင့်ကြည့်သင့်ပါသည်။ 

Source: Rabi sowing gains pace but southern states lag, The Economic Times, 24 October, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News