မလေးရှားအစိုးရပိုင် လျှပ်စစ်ဓာတ်အား ကုမ္ပဏီဖြစ်သည့် Tenaga Nasional (TNB) နှင့် စင်ကာပူနိုင်ငံ၏ လိုင်စင်ရ လျှပ်စစ်ဓာတ်အားတင်သွင်းသည့် Sembcorp Power ကုမ္ပဏီတို့အကြား စင်ကာပူနိုင်ငံသို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တင်သွင်းရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၅၀ မက်ဂါဝပ်ကို ပထမပိုင်းအဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စင်ကာပူနိုင်ငံသို့ စတင်တင်ပို့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံစွမ်းအင်နှင့် ရေအသွင်ကူးပြောင်းရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့က ပြောကြားခဲ့ပါသည်။
သဘောတူစာချုပ်အရ TNB သည် နှစ်နိုင်ငံအကြား တည်ရှိဆဲလက်ရှိအခြေခံအဆောက်အအုံများ အသုံးပြု၍ Sembcorp Power မှတစ်ဆင့် စင်ကာပူနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့မည်ဖြစ်ပြီး စုစုပေါင်း တင်ပို့မည့်ပမာဏမှာ ၃၀၀ မက်ဂါဝပ်ဖြစ်ပါသည်။ ထိုသို့လျှပ်စစ်ဓာတ်အား တင်ပို့မှုသည် Energy Exchange Malaysia (Enegem) က တင်ဒါလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေခြင်း၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ ပိုမိုလွယ်ကူထိရောက်စေခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်သူများပါဝင်လာစေရေး တိုက်တွန်းခြင်းတို့ကို ဆောင်ရွက်ခြင်း၏ ရလဒ်ဖြစ်ပါသည်။
“လျှပ်စစ်ဓာတ်အား တင်ပို့မှုပူးပေါင်းဆောင်ရွက်မှုသည် ASEAN Power Grid ဆောင်ရွက်မှုလုပ်ငန်းစဉ်နှင့် မလေးရှားနိုင်ငံ၏ စွမ်းအင်ကူးပြောင်းမှုဆိုင်ရာရည်မှန်းချက်များနှင့် ကိုက်ညီကြောင်း၊ Enegem မှတစ်ဆင့် ဒေသတွင်းနိုင်ငံများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုန်သွယ်မှု ကို လွယ်ကူချောမွေ့စေကြောင်း” TNB နှင့် Sembcorp Power တို့က ပြောကြားခဲ့ပါသည်။
“ယခုအစီအစဉ်သည် မလေးရှားနိုင်ငံကို အစိမ်းရောင်လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးတွင် အဓိကပါဝင်ဆောင်ရွက်သည့် နိုင်ငံဖြစ်လာစေမည်ဖြစ်ပြီး ဒေသတွင်း၌ စွမ်းအင်ဖူလုံရေး၊ ရေရှည်တည်တံ့ပြီး စွမ်းအင်ကို ထိရောက်စွာအသုံးပြုနိုင်ရေး မြှင့်တင်နိုင်မည်ဖြစ်ကြောင်း” Tenaga Nasional ၏ ဥက္ကဋ္ဌဖြစ်သူ Megat Jalaluddin Megat Hassan က ပြောကြားခဲ့ပါ သည်။ စင်ကာပူနိုင်ငံအနေဖြင့် ၂၀၃၅ ခုနှစ်တွင် ကာဗွန်နည်းလျှပ်စစ်ဓာတ်အား ၄ ဂစ်ဂါဝပ် အထိ တင်သွင်းရန် ရည်ရွယ်ထားပါသည်။
စင်ကာပူနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်စေရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိရာ ၎င်း၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်တင်းရာတွင် ကာဗွန်နည်းလျှပ်စစ်ဓာတ်အား၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကို ပိုမိုအသုံးပြုလာမည်ဖြစ် ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ရင်းမြစ်။ The Business Times
စီးပွားရေးသံမှူး၊ စင်ကာပူမြို့