International News

ITB Berlin ခရီးသွားလုပ်ငန်းပြပွဲတွင် နိုင်ငံခြားခရီးသွားလုပ်ငန်းများမှ  ဖိလစ်ပိုင်နိုင်ငံအား စိတ်ဝင်စားမှုမြင့်မားလျက်ရှိ

Last Updated:

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ သည့်ကမ္ဘာ့အကြီးဆုံးခရီးသွားလုပ်ငန်းပြပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှသွားရောက်ပြသခဲ့ရာပီဆို ၄၂၂.၂ သန်း တန်ဖိုးရှိ ခရီးစဉ်များရောင်းချခဲ့ရကြောင်းသိရှိရပါသည်။ ၂၀၂၃ ခုနှစ်ပြပွဲရလဒ်နှင့်နှိုင်းယှဉ်ပါက ၅၅% ၊ ပီဆို ၂၇၁.၆ သန်း ထိရောင်းအားမြင့်တက်ခဲ့ပါကြောင်းဖိလစ်ပိုင်ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။

ယခုပြပွဲသို့ သွားရောက်ပြသရာတွင် ဖိလစ်ပိုင်နိုင်ငံရှိ လည်ပတ်စရာနေရာ၊ဒေသ အသီးသီးမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိသူများပါဝင်သည့် ကိုယ်စားလှယ် ၆၀ ဦးဖြင့် သွား ရောက်ခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်အများဆုံးပါဝင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ပါကြောင်း၊ ပြပွဲတွင် ဆွေးနွေးရန်အတွက် အတည်ပြုထားပြီးသော တွေ့ဆုံခွင့် (၃၀) ခုရရှိထားခဲ့သော်လည်း ပြပွဲတလျှောက် ပြခန်းများအတွင်း အခြားသောကုန်သည်၊ စိတ်ပါဝင်စားသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ခြင်းကြောင့် ၎င်းထက်ပိုမို၍ တွေ့ဆုံနိုင်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

ပြပွဲတွင် ပါဝင်ခဲ့သည့် Savoy Hotels, Richmonde Hotels, Belmont Hotels များရှိပြီး အခန်းပေါင်း ၇,၇၀၀ ကျော်ထိရှိသည့်  ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး ဟိုတယ်လုပ်ငန်းတစ်ခု ဖြစ်သော Megaworld Hotels & Resorts မှ တာဝန်ရှိသူများမှ MGR Group အနေဖြင့် ITB Berlin သို့ ပထမဆုံးအကြိမ် ဝင်ရောက်ပြသခဲ့ခြင်းဖြစ်သည့်အတွက် အများစုမှာ ဖောက်သည်အသစ်များ ဖြစ်ပါကြောင်း၊ သို့သော် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေဖြင့် ယခင်နှစ်များကလည်း တက်ရောက် လေ့ရှိခဲ့သဖြင့်ဖောက်သည်အဟောင်းများကိုလည်းထပ်မံတွေ့ရှိခဲ့ရပြီးစီးပွားရေးအခွင့်အလမ်းများအား ဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံရှိ ခရီးသွားလည်ပတ်ရန်နေရာများစွာအနက် Cebu နှင့် Boracay သို့ အများဆုံး စိတ်ဝင်စားမှုရှိနေကြပြီး ခရီးသွားအစီအစဉ်အသစ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ လတ်တလောအနေဖြင့် Bohol နှင့် Plawan (El Nido) သည် လူကြိုက်များလျက်ရှိသည့် နေရာများဖြစ်ပြီး Mindanao ကိုလည်း ဖိလစ်ပိုင် ယဉ်ကျေးမှုများအတွက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လျှင် ကုန်ကျမည့် လေယာဉ်ခနှုန်းထားများ၊ ဟိုတယ်ခနှုန်း ထားများနှင့်စပ်လျဉ်း၍လည်း နိုင်ငံခြားခရီးသွားလုပ်ငန်းများနှင့် ဆွေးနွေးခဲ့ပါကြောင်း၊ ခရီးသွားလည်ပတ်မည့်အဓိကနေရာများတွင်ဘာသာစကားတတ်ကျွမ်းသည့် ဧည့်လမ်းညွှန်များ ပိုမိုထားပေးနိုင်ပါက ယခုထက်ပိုမို ကောင်းမွန်လာနိုင်သည့် အတွက် အဆိုပါကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေနွေးခဲ့ပါသည်။

ဥရောပနိုင်ငံများသည်ဖိလစ်ပိုင်နိုင်ငံအတွက်ခိုင်မာသေချာသော ဈေးကွက်တစ်ခုဖြစ်လာနိုင်ပြီး ဝင်ငွေအများအပြားရရှိနိုင်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ တွေ့ဆုံခဲ့သည့် ကုမ္ပဏီများ၏  ၇၀% ခန့် နှင့် ဆွေးနွေးခဲ့ရာတွင် ဖိလစ်ပိုင်နိုင်ငံသို့ ၎င်းတို့၏ ခရီးသွားဖောက်သည်များအား ဖိလစ်ပိုင်နိုင်ငံသို့ စေ လွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ ပိုလန်၊ ဟောင်ကောင်နှင့် မလေးရှားနိုင်ငံများမှ ခရီးသွားလုပ်ငန်းအုပ်စု ၂၀ ခန့်ကို ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလည်ပတ်ရန်နေရာ များနှင့်အထူးသဖြင့် Bluewater Banglao ၊ Cebu ရှိ Mactan နှင့် Sumilon Island တို့အား မိတ်ဆက် ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

တွေ့ဆုံခဲ့သည့်လုပ်ငန်းစုများမှအကြံပေးပြောကြားရာတွင်လည်း Bohol နှင့် Cebu တို့အတွက် ခရီးသွားအစီအစဉ်များ ဆောင်ရွက်သင့်ကြောင်းနှင့် ချန်လှပ်ထားသင့်သည့် နေရာများမဟုတ်ကြောင်း၊ ထို့ပြင် ပြပွဲတွင် ဖိလစ်ပိုင်နိုင်ငံ၏ Sipalay City’s Lakbayon Project သည် အစိမ်းရောင်ခရီးသွားနေ ရာတစ်ခုအနေဖြင့် ITB Berlin မှပေးအပ်သည့် Thriving Communities Category အောက်မှ ဒုတိယဆုအား ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ Sipalay City အစိုးရနှင့် Sipalay City ကောင်စီမှ တာဝန်ရှိသူများမှ အဆိုပါနေရာများရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးတို့အားရေရှည်တည်တံ့စေရန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍဖွံဖြိုးတိုးတက်ရေးတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

စာရင်းအင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံသို့နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုစုစုပေါင်း ၅,၄၅၀,၅၅၇ ဦးရှိခဲ့ပြီး ၉၁.၈၀% မှာ နိုင်ငံခြားသားများဖြစ်ပြီးကျန် ၈.၂၀% မှာ နိုင်ငံခြားရောက် ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ပါ ကြောင်း၊နိုင်ငံခြားသားခရီးသွားများထဲတွင် တောင်ကိုရီးယားခရီးသွား၂၆.၄၁%၊ အမေရိကန်မှ၆.၅၇%၊ ဂျပန်မှ ၅.၆၁%၊ ဩစတြေးလျမှ ၄.၈၉% နှင့်တရုတ်မှ ၄.၈၄% နှင့်ကနေဒါ၊ ထိုင်ဝမ်၊ ယူကေ၊ စင်ကာပူ နှင့် မလေးရှားတို့လည်း ပါဝင်ကြောင်း လေ့လာသိရှိရပါသည်။

သမ္မတမားကို့စ်၏ လမ်းညွှန်ချက်များအတိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးပြန်လည်ဦးမော့လာစေနိုင်သည့် ကဏ္ဍတစ်ခုဖြစ်စေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄ခုနှစ်တွင်ခရီးသွားဧည့်သည် ၇.၇ သန်းထိအနည်းဆုံးလာရောက်ရန် မျှော်မှန်းထားရှိပါကြောင်း၊ Philippines Tourism Development Plan (2023-2028)ကိုလည်း ရေးဆွဲပြဋ္ဌာန်း ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍမှ နိုင်ငံခြားဝင်ငွေရှာဖွေလျက်ရှိပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် သုံးသပ်ရပါသည်။

 

 

Source; https://businessmirror.com.ph/2024/03/19/foreign-buyers-at-itb-berlin-remain-interested-in-the-phl/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

         

 

 

           

         

 

Category: International News