International News

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal က ၅ နှစ်အတွင်း နနွင်းတန်ချိန် သိန်း ၂၀ အထိ နှစ်ဆတိုးတက်ထုတ်လုပ်နိုင်ရန် ပြောကြား

Last Updated:

အိန္ဒိယ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal က အမျိုးသားနနွင်းဘုတ် အဖွဲ့သည် လာမည့်ငါးနှစ်အတွင်း ပို့ကုန်မြှင့်တင်ရန်နှင့် တန်ချိန် သိန်း ၂၀ ခန့်အထိ ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် နိုင်ငံတကာတွင် စျေးကွက်သစ်များဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးမည်ဖြစ်ကြောင်း၊  ထုတ်ကုန်အသစ်များအတွက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ကာ တန်ဖိုးမြှင့်နနွင်းထွက်ကုန်များအတွက် နိုင်ငံ၏မိရိုးဖလာအသိပညာများ ဖွံ့ဖြိုးတိုးတက်စေမည်မည်ဟု အင်္ဂါနေ့တွင်ပြုလုပ်ခဲ့သည့် အမျိုးသားနနွင်းဘုတ်အဖွဲ့၏ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယသည် ကမ္ဘာ့နနွင်းထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါကြောင်း၊  လာမည့် ငါးနှစ်အတွင်း ထုတ်လုပ်မှုကို တန်ချိန် ၂၀ သိန်းအထိ နှစ်ဆတိုးဖို့ ကြိုးစားနေပါကြောင်း ဝန်ကြီးက  သတင်းထောက်များကို ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် အောက်တိုဘာလတွင် အမျိုးသားနနွင်းဘုတ်အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထုတ်ပြန်ကြေငြာခဲ့ကြောင်းနှင့် ယင်းသည် နိုင်ငံအတွင်း  နနွင်းနှင့်နနွင်းထွက်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်  အိန္ဒိယသည် ကမ္ဘာပေါ်တွင် နနွင်းထုတ်လုပ်သူ၊ စားသုံးသူနှင့် အများဆုံး တင်ပို့သူဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂-၂၃ ခုနှစ်တွင် အိန္ဒိယ၌ နနွင်းစိုက်ဧရိယာ ဟက်တာ ၃ ဒသမ ၂၄ သိန်းရှိပြီး တန်ချိန် ၁၁ ဒသမ ၆၁ သိန်း ထွက်ရှိခဲ့ကြောင်း၊ နနွင်း အမျိုးပေါင်း ၃၀ ကျော်ကို အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးပြီး နိုင်ငံတွင်းရှိ ပြည်နယ် ၂၀ ကျော်တွင် စိုက်ပျိုးကြောင်း၊ နနွင်းအများဆုံးထုတ်လုပ်သော ပြည် နယ်များမှာ Maharashtra၊ Telangana၊ Karnataka နှင့် Tamil Nadu တို့ဖြစ်ကြောင်းနှင့် အိန္ဒိယသည် ကမ္ဘာ့နနွင်းကုန်သွယ်မှု၏ ၆၂ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရသည်။

၂၀၂၂-၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ နနွင်းနှင့် နနွင်းထွက်ကုန်တန်ချိန် ၁ ဒသမ ၅၃၄ သိန်း၊  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၄၅ သန်းကို တင်ပို့သူ ၃၈၀ ကျော်က တင်ပို့နိုင်ခဲ့ကြောင်း၊ အဓိကတင်ပို့သည့်ဈေးကွက်များမှာ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ အမေရိကန်နှင့် မလေးရှားတို့ဖြစ်ကြောင်း သိရှိရသည်။ ဘုတ်အဖွဲ့၏ အာရုံစိုက်လုပ်ဆောင်မှုများနှင့်အတူ နနွင်းတင်ပို့မှုသည် ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရှိလာမည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ သိရသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် နနွင်းထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်ရှာဖွေရရှိရေးတို့အတွက် အမျိုးသားနနွင်းဘုတ်အဖွဲ့အား ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း အလားအလာရှိသည့် ထုတ်ကုန်များအတွက် သီးခြားအစုအဖွဲ့များ ဖွဲ့စည်းပြီး ယင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းတောင်သူများအတွက် နည်းပညာအကူအညီများ၊ သင်တန်းပေးခြင်းများနှင့် နိုင်ငံတကာ ဈေးကွက်ရှာဖွေခြင်းတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း သိရှိရပါသည်။

Source: Looking to double turmeric production to 20 lakh tonnes in 5 years, says Commerce Minister Piyush Goyal, The Economic Times, 14 January 2025.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News