International News

ရုရှား၏ အရှေ့ဖျားဒေသသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော နေရာတစ်ခုအဖြစ်ပေါ်ထွက်လာ

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံအရှေ့ဖျားဒေသအကြား ကုန်သွယ်မှုမြှင့်တင်ရန် နေရာအမြောက် အမြားရှိကြောင်း၊ အရှေ့ဖျားဒေသရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးခွဲ၏ တာဝန်ခံဖြစ်သူ Nguyen Hong Thanh က ရုရှားသမ္မတဗလာဒီမာပူတင်၏ နိုင်ငံတော်ခရီးစဉ်မတိုင်မီ ဗီယက်နမ် သတင်းအေဂျင်စီ (VNA) နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့ပါသည်။

အရှေ့ဖျားဒေသသည် လူဦးရေ ၈ ဒသမ ၂ သန်းရှိခန့်ရှိကြောင်း၊ စျေးကွက်ကြီး မဟုတ်သော် လည်း ကမ္ဘာနှင့် ကုန်သွယ်မှုပမာဏ မြင့်မားနေကြောင်း Thanh မှ ပြောကြားခဲ့ပြီး ဗီယက်နမ် စီးပွားရေးလုပ်ငန်းများအနေဖြင့် လယ်ယာထွက်ကုန်များဖြစ်သည့် ပြုပြင်ပြီး ထုတ်ကုန်များ တင်ပို့မှုပမာဏကို တိုးမြှင့်တင်ပို့ရန်၊ အစားအသောက်၊လူသုံးကုန်ပစ္စည်း၊ အထည်ချုပ်နှင့် အထည်အလိပ်၊ ဖိနပ်၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ထုတ်ကုန်များ၊ စက်ကိရိယာများနှင့် စက်ပစ္စည်းများကို တိုးမြှင့်တင်ပို့ရန် အကြံပြုထားသည်။

ဗီယက်နမ်နှင့် အရှေ့ဖျားအကြား နှစ်နိုင်ငံကုန်သွယ်မှုသည် လွန်ခဲ့သည် ဆယ်စုနှစ်များအတွင်း သိသိသာသာတိုးမြှင့်လာခဲ့ပြီး  ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ မှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါးအထိ ရှိလာခဲ့ကြောင်း၊ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းမှုများကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဗီယက်နမ်နိုင်ငံမှ TH True Milk Group သည် Primorie ရှိ Yakovlev ခရိုင်တွင် မွေးမြူရေးခြံနှင့် နို့ထုတ်လုပ်သည့်စက်ရုံကို တည်ဆောက်လျက်ရှိကြောင်း၊ စီမံကိန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိရှိပြီး TH True Milk ၏ ပရောဂျက်ကို မြေ ၁၅,၀၀၀ ဟက်တာ ခွင့်ပြုထားပြီး Mikhailovski ရှိ ဦးစားပေးဖွံ့ဖြိုးရေးဧရိယာ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုထားကြောင်း သိရှိရပါသည်။

Thanh မှ ၎င်း၏ရုံးအနေဖြင့် အရှေ့ဖျားဒေသတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများရှာဖွေနေသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးကူညီလျက်ရှိကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်များတွင် အရှေ့ဖျားရှိ မြို့ပြဆောက်လုပ်ရေးနှင့် စက်မှုဇုန် တည်ဆောက် ရေးတို့ပါဝင်ကြောင်း၊ တောင်ဘက်ပိုင်း Sakhalin တွင် ကျောက်မီးသွေးတူးဖော်ခြင်း၊ Kamchatka ရှိ ငါးနှင့် ငါးအသားပြုပြင် ထုတ်လုပ်ရေး၊ Khabarovsk တွင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများရှာဖွေနေသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အရှေ့ဖျားကို အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု နေရာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားရန်နှင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို မကြာမီအကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အရှေ့ဖျားဒေသကို အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုပန်းတိုင်ဟု မှတ်ယူကာ ရုရှားနှင့် အာရှ-ပစိဖိတ် ဒေသတွင်လုပ်ငန်းများချဲ့ထွင်ရန် မျှော်လင့်ပါကြောင်းဖြင့်  ၎င်းကပြောကြားခဲ့ပါသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဗီယက်နမ်ခရီးစဉ်သည် နှစ်ဖက်စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံအကြားသတင်းအချက်အလက်ဖလှယ်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားများအတွက် ခရီးသွားလာရေးနှင့် နှစ်နိုင်ငံအကြား လေကြောင်း လွယ်ကူချောမွေ့စေမည့်အပြင် ဗီယက်နမ် - အရှေ့ဖျား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးကို မြှင့်တင်ရာတွင် အတား အဆီးဖြစ်စေသော ငွေပေးချေမှုဆိုင်ရာ အခက်အခဲများကို ဖယ်ရှားရန်အတွက်  အထောက် အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam News 

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News