International News

ဗီယက်နမ်နိုင်ငံမှ ၅ လတာ ကာလအတွင်း ပြည်ပသို့ အလုပ်သမား ၆၆,၀၀၀ နီးပါးစေလွှတ်

Last Updated:

ဗီယက်နမ်နိုင်ငံမှ ယခုနှစ်ပထမ ၅ လအတွင်း အလုပ်သမား စုစုပေါင်း ၆၅၈၅၂ ဦးကို အလုပ်သဘောတူစာချုပ်များဖြင့် ပြည်ပသို့ စေလွှတ်ခဲ့ကြောင်း၊ ၎င်းသည် လျာထားချက်၏ ၅၂.၆၈ ရာခိုင်နှုန်းရှိကြောင်း အစိုးရသတင်းများတွင် အလုပ်သမား၊ မသန်စွမ်းနှင့် လူမှုရေးရေးရာ ဝန်ကြီးဌာန (MOLISA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြထားပါသည်။

အဆိုပါအလုပ်သမားများအနက် ၃၅,၂၀၈ ဦးသည် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါ ကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ လူအင်အားအများဆုံး တင်သွင်းသည့်နိုင်ငံ ဖြစ်လာကြောင်း၊ ကျန်၂၁,၆၀၂ ဦးနှင့် ၅,၂၀၉ ဦးတို့အား ထိုင်ဝမ် (တရုတ်) နှင့် တောင်ကိုရီးယားသို့ အသီးသီးစေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် မတ်လအတွင်း MOLISA ဒုတိယဝန်ကြီး Nguyen Ba Hoan နှင့် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ သြစတြေးလျသံအမတ်ကြီး Andrew Goledzinowski တို့သည် သြစတြေးလျနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဗီယက်နမ်နိုင်ငံသားများကို ပံ့ပိုးကူညီရန်အတွက် နှစ်နိုင်ငံအစိုးရ ကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအရ ယခုနှစ်မှစတင်၍ Pacific Australia Labour Mobility (PALM) အစီအစဉ်အရ သြစတြေးလျ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် ဗီယက်နမ်လုပ်သား ၁,၀၀၀ ကို စေလွှတ်သွားနိုင်မည်ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့တွင် MOLISA သည် နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်ထောက်ပံ့ရေးစာချုပ်နှင့် ပတ်သက်၍ နိုင်ငံရပ်ခြား အလုပ်သမား စင်တာနှင့် အိုဆာကာ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အသင်း (ဂျပန်) တို့ကြား လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ကန်ထရိုက်စာချုပ်များဖြင့် အလုပ်သမား ၁၂၅,၀၀၀ စေလွှတ်ရန် ရည်မှန်းထားပြီး အများစုမှာ ဂျပန်၊ ထိုင်ဝမ် (တရုတ်) နှင့် တောင်ကိုရီးယားတို့ကဲ့သို့ အဓိကစျေးကွက်များသို့ စေလွှတ်ရန် ရည်မှန်းထားကြောင်း၊ ၎င်းတို့အနက် ဂျပန်နိုင်ငံသို့ ၆သောင်း ခန့်၊ ထိုင်ဝမ် (တရုတ်)သို့ ၄ သောင်းကျော်နှင့် တောင်ကိုရီးယားသို့ ၈,၅၀၀ ခန့် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်က ဗီယက်နမ်နိုင်ငံမှ ကန်ထရိုက်အလုပ်သမား ၁၅၉,၀၀၀ ကျော် စေလွှတ်ခဲ့ ကြောင်း၊ နှစ်စဉ်စီမံချက်၏ ၁၃၃ ရာခိုင်နှုန်းထိရောက်ရှိခဲ့ပြီး ၁၀ နှစ်အတွင်း ပြည်ပသို့ ဗီယက်နမ် အလုပ်အမား စေလွှတ်မှုအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ အဓိက ဈေးကွက်ဖြစ်သည့် ဂျပန်မှ ၈၀,၀၀၀ ကျော်၊ ထိုင်ဝမ်မှ ၅၈,၀၀၀ ကျော်နှင့် တောင်ကိုရီးယားမှ အလုပ် သမား ၁၁,၀၀၀ ‌ကျော် စေလွှတ်လျက်ရှိကြောင်း‌ ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News