International News

ဟောင်ကောင်ဒေသ၏ ၂၀၂၄ ခုနှစ်၊ မတ်လအတွက် ကုန်သွယ်မှုစာရင်းဇယားထုတ်ပြန်

Last Updated:

၂၀၂၄ ခုနှစ်၊ မတ်လအတွက် ဟောင်ကောင်ဒေသ၏ စုစုပေါင်း ပို့ကုန်/သွင်းကုန်ပမာဏသည် ယခင်နှစ်အလားတူကာလ စာရင်းဇယားများနှင့်နှိုင်းယှဉ်ပါက၀.၅ ရာခိုင်နှုန်းနှင့် ၁.၀ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အနေဖြင့် ဟောင်ကောင်ဒေသ၏ စုစုပေါင်း ပို့ကုန်/သွင်းကုန် ပမာဏမှာ ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်ကာလထက် ၇.၁ ရာခိုင်နှုန်းနှင့် ၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ ပြင်ပကုန်သွယ်မှုပမာဏ ပြောင်းလဲခြင်းမှာ ပြင်ပကုန်သွယ်မှု တန်ဖိုးများ ပြောင်းလဲခြင်းကြောင့်ဖြစ်သည်ဟု ရေးသားဖော်ပြထားပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် မတ်လတွင် စုစုပေါင်း ကုန်စည်တင်ပို့/ တင်သွင်းမှု ဈေးနှုန်းများ ၄.၁ ရာခိုင်နှုန်းနှင့် ၄.၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပြီး၊ သုံးလပတ်ကာလအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ယခင်နှစ်အလားတူကာလထက် တင်ပို့မှုဈေးနှုန်းများ ၄.၅ ရာခိုင်နှုန်းနှင့် သွင်းကုန်ဈေးနှုန်း ၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

၂၀၂၄ ခုနှစ် မတ်လအတွင်း ဟောင်ကောင်ဒေသမှ ပို့ကုန်တင်ပို့မှုပမာဏ မြင့်တက်ခဲ့သည့် နိုင်ငံ/ ဒေသများမှာ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်မတို့ဖြစ်ပြီး၊ အမေရိကန်၊ အိန္ဒိယနှင့် ထိုင်ဝမ်ဒေသများသို့ ပို့ကုန်တင်ပို့မှုပမာဏ ကျဆင်းခဲ့ကြောင်းနှင့် ပို့ကုန်ဈေးနှုန်းအနေဖြင့်  ဟောင်ကောင်ဒေသ၏ အဓိက ပို့ကုန်ဈေးကွက်များဖြစ်သည့် အမေရိကန်၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ တရုတ်ပြည်မနှင့် အိန္ဒိယနိုင်ငံသို့ စုစုပေါင်းပို့ကုန်တင်ပို့သည့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ၂၀၂၄ ခုနှစ် မတ်လအတွင်း ယခင်နှစ်အလားတူကာလထက် ဟောင်ကောင်ဒေသသို့ သွင်းကုန် တင်သွင်းမှုပမာဏ မြင့်တက်ခဲ့သည့် နိုင်ငံများမှာ ကိုရီးယား၊ အမေရိကန်နှင့် စင်ကာပူနိုင်ငံတို့ဖြစ်ပြီး၊ တရုတ်ပြည်မနှင့် ထိုင်ဝမ်တို့မှ သွင်းကုန်တင်သွင်းမှုပမာဏ ကျဆင်းခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် စင်ကာပူ၊ ကိုရီးယား၊ တရုတ်ပြည်မနှင့် ထိုင်ဝမ်မှ သွင်းကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး၊ အမေရိကန်မှ သွင်းကုန်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News