International News

ရေနံတွင်းဟောင်းများ သန့်ရှင်းရေးနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏အမိန့်ကို တားဆီးရန် ရေနံကုမ္ပဏီကြီးများနှင့်အတူရပ်တည်ခဲ့ကြသည့် ပြည်နယ်များ

Last Updated:

တက္ကဆက်၊ လူဝီစီးယားနားနှင့် မစ္စစပီပြည်နယ်တို့သည် သမ္မတဂျိုးဘိုင်ဒင်အစိုးရက အဆိုပြု သည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအနေဖြင့် ရေနံတွင်းဟောင်းများရှိ အဆောက်အဦများကို ဖျက်သိမ်းရန်အတွက် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ (၇) သန်းပေးရန် လိုအပ်မည့် စည်းမျဉ်းကိုတားဆီးရန် အမေရိကန်အစိုးရအား ၁၇-၆-၂၀၂၄ ရက်တွင် တရားစွဲဆိုခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရပါသည်။  

အဆိုပါစည်းမျဉ်းသည် ယခုနှစ်တွင် အသက်ဝင်မည်ဖြစ်ပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုအဆင့် မကောင်းသော သို့မဟုတ် အရန်ရေနံတွင်းများမရှိသော ကုမ္ပဏီငယ်များကို ထိခိုက်မည်ဖြစ် ကြောင်းနှင့် ယင်းစည်းမျဉ်းအသက်ဝင်ပါက အမေရိကန်နိုင်ငံ၏ မက္ကဆီကိုပင်လယ်ကွေ့ရှိ ရေနံတူးဖော်လျက်ရှိသော လုပ်ငန်းလေးပုံသုံးပုံကို ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံ၏ ပင်လယ်ပြင်မှတူးဖော်ထုတ်လုပ်သောစွမ်းအင် စီမံရေးဗျူရို (U.S. Bureau of Ocean Energy Management – BOEM) ကို တရားစွဲဆိုမှုပြုလုပ်ခြင်းဖြစ်ကြောင်း၊ တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ BOEM သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ယင်းစည်းမျဉ်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာန (Department of the Interior) က ကမ်းလွန်ရေနံတူးဖော်မှုများဖျက်သိမ်းရန် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများက ကျခံရမည့်စရိတ်များကို အမေရိကန်အခွန်ထမ်းပြည်သူများ ကျခံရမှုမှကာကွယ်ရန် ချမှတ်ခြင်း ဖြစ်သည်ဟုဆိုကြောင်း၊ ရေနံတွင်းဟောင်းများကို ဖျက်သိမ်းရန် ဒေါ်လာဘီလီယံချီကုန်ကျနိုင်ပြီး အကယ်၍ ကုမ္ပဏီများက လူမွဲစာရင်းခံယူမှုကြောင့် သို့မဟုတ် ကုမ္ပဏီငယ်များသို့ ၎င်း၏ပိုင်ဆိုင်မှုများကို ရောင်းချလျက် လွှဲပြောင်းပေးခြင်းများရှိပါက ယင်းစရိတ်များကို အမေရိကန်အခွန်ထမ်းပြည်သူများက ကျခံရနိုင်ကြောင်း၊ ၂၀၀၉ ခုနှစ်မှစ၍ လူမွဲစာရင်းခံယူခဲ့ကြသည့် ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့တူးဖော်သည့်ကုမ္ပဏီ (၃၇) ခုရှိကြောင်း အမေရိကန်အစိုးရဝန်ကြီးဌာနတစ်ခု၏ အချက် အလက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အမေရိကန်နိုင်ငံ၊ မက္ကဆီကို ပင်လယ်ကွေ့တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့တူးဖော်လျက်ရှိသည့် တွင်းပေါင်း (၂,၇၀၀) နှင့် ရေနံတူးစက်ယန္တရားစင် (Platform) (၅၀၀) ကျော်တို့မှာ ဖျက်သိမ်းရန် အချိန်ကျော်လွန်လျက်ရှိပြီဖြစ်ကြောင်း၊ BOEM အနေဖြင့် ရေနံနှင့် သဘာဝလုပ်ငန်းဆိုင်ရာ Supplemental Bond တန်ဖိုး အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံကို လက်ဝယ်ကိုင်ထားပြီး ယင်းပမာဏသည် ဖျက်သိမ်းစရိတ် ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ (၄၀)မှ (၇၀) အထိ ပေးနိုင်မည်ဖြစ်ကြောင်း၊ BOEM အနေဖြင့် စည်းမျဉ်းအသစ်အရ လက်ရှိရေနံတွင်း ငှားရမ်းမှုများကို ခွင့်ပြုခြင်း၊ ယခင်ငှားရမ်းစာချုပ်ပိုင်ဆိုင်သူများအနေဖြင့် Supplemental Finance Assurance အသစ်ကို ပြည့်မီရန် အရစ်ကျငွေပေးချေရမည်ဖြစ်ကြောင်း သိရှိရပါသည်။  

အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ် ရှေ့နေချုပ် Ms. Liz Murrill က BOEM ကို ၁၇-၆-၂၀၂၄ ရက်တွင် တရားစွဲဆိုမှုစတင် ပြုလုပ်ခဲ့ပြီး တက္ကဆက်နှင့် မစ္စစပီပြည်နယ် ရှေ့နေချုပ်များက ယင်းတရားစွဲဆိုမှုအပေါ် ပူးပေါင်းလာခဲ့ကြောင်း၊ Sierra Club National Oil and Gas Campaign မန်နေဂျာက ရိုက်တာသတင်းဌာနသို့ ပြောကြားရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏လုပ်ငန်းမှကြွင်းကျစ်ရစ်သည့် အရှုပ်အထွေးများကို ရှင်းလင်းရန် သင့်တင့်သည့် တန်ဖိုးပေးသင့်ပြီး ယခုကဲ့သို့သောစည်းမျဉ်းများ ထုတ်ပြန်၍စတင်သင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ မက္ကဆီကိုပင်လယ်ကွေ့မှ တစ်ရက်လျှင် ရေနံစည်ပေါင်း (၁.၈) သန်း ပျမ်းမျှထုတ်လုပ်လျက်ရှိပြီး စုစုပေါင်းရေနံထုတ်လုပ်မှု၏ (၁၄) ရာခိုင်နှုန်းရှိသည်ဟု သိရှိရပါကြောင်း တင်ပြအပ်ပါသည်။

 

 

Source:https://www.fastcompany.com/91142393/states-big-oil-us-government-lawsuit-block-cleanup-enforcement-old-wells

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: International News