အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အဖြစ် Mr. Howard Lutnick ကိုရွေးချယ်ခဲ့သည်ဟု သတင်းများ၌ဖော်ပြချက်အရ သိရှိရပါသည်။ Mr. Howard Lutnick သည် အမေရိကန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Cantor Fitzgerald ၏အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်ကြောင်း၊ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ကြောင်း၊ Mr. Howard Lutnick သည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ အာဏာလွှဲပြောင်းရေးလုပ်ငန်းအဖွဲ့ (Transition Team)တွင် ပူးတွဲဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူဖြစ်ကြောင်း၊ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ထုတ်ပြန်ချက်တစ်ခုတွင် Mr. Howard Lutnick သည် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR office)ကို တိုက်ရိုက်တာဝန်ယူမည်ဖြစ်ကြောင်း၊ လက်ရှိတွင် USTR ရုံးသည် သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အမေရိကန်ကုန်သွယ်မှုကိုယ်စားလှယ်သည် အစိုးရ အဖွဲ့ဝင်အဆင့်ရှိရာထူးဖြစ်သကဲ့သို့ သမ္မတအားတိုက်ရိုက်အစီရင်ခံရပါကြောင်း၊ ထို့ကြောင့် ယင်းရာထူးသည် ယခင် USTR အဖြစ် တာဝန်ယူခဲ့သည့် Mr. Robert Lighthizer (Mr. Robert Lighthizer အား USTR အဖြစ် ခန့်ထားရန် သတင်းထွက်ပေါ်ခဲ့ပြီး လက်ရှိတွင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ယင်းရာထူးအတွက် ရွေးချယ်ခြင်းမရှိသေးပါ။) ၏ တာဝန်ကိုပါ ထမ်းဆောင်မည့်အခြေအနေအပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ Mr. Howard Lutnick နှင့်နီးစပ်သူများက ၎င်းအား ဘဏ္ဍာရေးဝန်ကြီးဌာနကို တာဝန်ယူရန်ထောက်ခံခဲ့ကြသော်လည်း ဒေါ်နယ်ထရမ့်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Mr. Howard Lutnick သည် ဒေါ်နယ်ထရမ့်၏ စီးပွားရေးမူဝါဒကြောင့် ကုန်သွယ်ရေးစစ်ပွဲ သို့ဦးတည်ကာ အမေရိကန်စားသုံးသူများအတွက် ကုန်ဈေးနှုန်းများမြင့်မားလာမည်ဟူသော အချက်ကို အပြင်းအထန်ကန့်ကွက်သူတစ်ဦးဖြစ်ပြီး ၎င်းက “အကောက်ခွန်နှုန်းကို အသုံးပြုရန် သမ္မတတစ်ဦးအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး၊ အမေရိကန်နိုင်ငံကို တည်ထောင်ရန် အတွက် အကောက်ခွန်နှုန်းကို သတ်မှတ်အသုံးပြုရမည်ဖြစ်ကြောင်း၊ အကယ်၍ကုန်ပစ္စည်းများကို အမေရိကန်တွင်ပြုလုပ်လိုပါက သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံနိုင်သကဲ့သို့ ယင်းကုန်ပစ္စည်းများနှင့် အမေရိကန်ထုတ်ပစ္စည်းများ ယှဉ်ပြိုင်လိုပါကလည်း အကောက် ခွန်နှုန်း သတ်မှတ်ကောက်ခံနိုင်သည်” ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးအတားအဆီးများချမှတ်ရန် နောက်ထပ်နှိုးဆော်သူတစ်ဦးမှာ အမျိုးသားစီးပွားရေးကောင်စီ ဒါရိုက်တာအဖြစ် လျာထားခံရသူဟု သတင်းထွက်ပေါ်လျက်ရှိသူ Mr. Peter Navarro ဖြစ်ကြောင်း၊ အကယ်၍ Mr. Peter Navarro အား အမျိုးသားစီးပွားရေး ကောင်စီဒါရိုက်တာအဖြစ်ခန့်ထားပါက ဒေါ်နယ်ထရမ့်သည် ၎င်း၏ အကောက်ခွန်အစီအစဉ်ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းရာထူးအတွက် အခြားလျာထားခံရသူတစ်ဦးမှာ Key Square Management ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တည်ထောင်သူ Mr. Scott Bessent ဖြစ်ကြောင်း သိရှိရပါသည်။
အကယ်၍ အထက်လွှတ်တော်က အတည်ပြုလျှင် Mr. Howard Lutnick သည် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဖြစ်လာမည်ဖြစ်ရာ အမေရိကန်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုတာဝန်ယူသည့် ဝန်ကြီးဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အမေရိ ကန်စီးပွားရေးလုပ်ငန်းများနှင့် ဆက်ဆံရေးတိုးချဲ့တည်ဆောက်သည့်တာဝန်ကိုလုပ်ဆောင်ခြင်းအပြင် အမေရိကန်နိုင်ငံသို့ဝင်ရောက်လာမည့် သွင်းကုန်များအပေါ် ရွေးကောက်ခံသမ္မတ၏ အကောက်ခွန်နှုန်းအဆိုပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ