International News

ထိုင်းနိုင်ငံနှင့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်း (European Free Trade Association -Efta) တို့အကြား လက်မှတ်ရေးထိုးမည့် ကုန်သွယ်ရေးစာချုပ်သည် ၂၀၂၆ ခုနှစ်တွင် စတင်အသက်ဝင် မည်ဖြစ်

Last Updated:

ထိုင်းနှင့် ဥရောပလွတ်လပ်သောကုန်သွယ်ရေးအသင်း (European Free Trade Association -Efta) တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုခြင်းနှင့် ဥပဒေဆိုင်ရာ ချိန်ညှိမှုများ ဆောင်ရွက်ပြီးနောက် အတည်ပြုပြီးပါက ၂၀၂၆ ခုနှစ် အစောပိုင်းတွင် စတင်အသက်ဝင်နိုင်ရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။

လွတ်လပ်သော သဘောတူစာချုပ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၌ လက်မှတ်ရေးထိုးပြီးနောက် အတည်ပြုချက်အတွက် လွတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်နှင့် ကိုက်ညီသည့် လုပ် ထုံးလုပ်နည်းများကို ချိန်ညှိပေးရန်‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းလွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်သည် ထိုင်းနိုင်ငံအတွက် ဆိုးကျိုးမဖြစ်စေပါကြောင်း၊ စာချုပ်ကြောင့် ဥရောပ နိုင်ငံများစွာသို့ တံခါးပွင့်သွားစေပါကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထိုင်းနှင့် ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်းနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၁.၅ ဘီလီယံရှိပြီး ၂၄.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ အဓိက ပို့ကုန်များမှာ လက်ဝတ်ရတနာများ၊ နာရီများ၊ သံမဏိထုတ်ကုန်များ၊ ပင်လယ်စာစည်သွပ်ဗူးများ၊ ခရီးသွားသုံးပစ္စည်းများဖြစ် ပြီး သွင်းကုန်များမှာ ကျောက်မျက်များ၊ နာရီများ၊ အသားထုတ်ကုန်များ၊ ဆေးဝါးများနှင့် ဓာတ်မြေဩဇာတို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆွေးနွေးလျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်အတွက် ညှိနှိုင်းမှုသည် ယခုနှစ်အတွင်း အပြီးသတ်နိုင်မည် ဖြစ်ပြီး အချက်အလက်စင်တာဖွံ့ဖြိုးရေးနှင့် အစားအစာလုံခြုံမှုဆိုင်ရာတွင် တိုးတက်မှုရှိပါကြောင်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုသည် ထိုင်းနိုင်ငံ၏ အချက်အလက်စင်တာများနှင့် ဉာဏ်ရည်တု တို့တွင် ပူးတွဲရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိပါကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် ထောက်ပံ့မှု ရန်ပုံငွေနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့က မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ရန်ပုံငွေအတွက် ဥပဒေဆိုင်ရာများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးက မူကြမ်းပြုစုထားပြီး အစိုးရ အဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ရန်ပုံငွေအတွက် ကနဦးဘတ်ဂျက်ကို အစိုးရဘတ်ဂျက်မှ သုံးစွဲမည်ဖြစ်ပြီး ပမာဏကို မဆုံးဖြတ်ရသေးပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News