International News

လျှပ်စစ်ဓါတ်အားအသုံးပြုရန်မလိုသည့် အောက်ဆီဂျင်ပေးစက် တီထွင်ဆန်းသစ်ထုတ်လုပ်နိုင်မှု အတွက် ကိုရီးယားအဆင့်မြင့် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သည် James Dyson Award တွင် ထိပ်တန်းနံပါတ် ၂၀ နေရာကို ရရှိနေ

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ကိုရီးယားအဆင့်မြင့် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Korea Advanced Institute of Science and Technology- KAIST) မှ ပါမောက္ခ Bae Sang-min ဦး ဆောင်သည့် သုတေသနအဖွဲ့သည် လျှပ်စစ်ဓါတ်အားအသုံးပြုရန်မလိုသည့် အောက်ဆီဂျင်ပေး စက် တီထွင်ဆန်းသစ်ထုတ်လုပ်နိုင်မှုအတွက် James Dyson Award (ပြဿနာဖြေရှင်းပေးနိုင် သည့် အတွေးအခေါ်အသစ်များဖန်တီးပေးနိုင်သည့် ဒီဇိုင်နာများကို အားပေးချီးမြှောက်သည့် နိုင်ငံတကာဒီဇိုင်းဆု) တွင် ထိပ်တန်းနံပါတ် ၂၀ နေရာရရှိခဲ့ပါသည်။

Oxynizer အမည်ရ အထက်ဖော်ပြပါ အောက်ဆီဂျင်ပေးစက်ကို လျှပ်စစ်ဓါတ်အားရရှိမှု အကန့်အသတ်သာရှိပြီး ဖွံ့ဖြိုးမှုနိမ့်ကျသည့်ဒေသများမှ လူနာများအတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း၊ စက်ဘီးလေထိုးကိရိယာအသုံးပြု၍ လေထဲမှ နိုက်ထရိုဂျင်နှင့် ရေငွေ့ကို Silica Gel နှင့် Zeolite ဖြင့်ပြုလုပ်ထားသော စစ်ထုတ်သည့်ကိရိယာ (Filters) ဖြင့် ခွဲထုတ်၍ အောက်ဆီဂျင် ပါဝင်မှုကို ၅၀ ရာခိုင်နှုန်းအထိ စုစည်းထုတ်လွှတ်ပေးနိုင်ကြောင်း၊ နိုင်ငံစုစုပေါင်း ၂၉ နိုင်ငံမှ တီထွင်ဆန်းသစ် ထုတ်လုပ်ထားသည့် ပြိုင်ပွဲဝင်ပစ္စည်းအမျိုးအစား စုစုပေါင်း ၁,၉၁၁ ခုအနက် Oxynizer  သည် ထိပ်တန်းဆန်ခါတင်နံပါတ် ၂၀ နေရာရရှိထားကြောင်း KAIST နှင့် James Dyson Award တို့က  ၁၆-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ၁၃-၁၁-၂၀၂၄ ရက်နေ့တွင် James Dyson Award ဆုရသူကို ရွေးချယ်မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အာဖရိကနိုင်ငံများနှင့် အိန္ဒိယနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးမှု နိမ့်ကျသည့်ဒေသများမှ လူနာများစွာသည် အောက်ဆီဂျင်စက်မရရှိသည့်အတွက် အသက်ဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ ရောဂါဝေဒနာပြင်းထန်သည့်အဆင့်သို့ မရောက်သောလူနာများ (သို့) အပျော့စားအဆင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေရှိသော လူနာများသည် လက်ညှစ်စက်အသုံးပြု၍ အောက်ဆီဂျင်ပေးရာတွင် ၅၀ ရာခိုင်နှုန်းပင် ရရှိသည့်တိုင်အောင် ထူးခြားသော ပြောင်းလဲမှုရလဒ်ကို ရရှိနိုင်ပါကြောင်း၊ ယင်းသို့ ကိရိယာပင်မရှိမှုကြောင့် ကြိုတင်တားဆီးကာကွယ်နိုင်သော/ ရှောင်ရှား၍ရသော သေဆုံးမှုများစွာကို ကြုံတွေ့ခဲ့ရပါကြောင်း၊ အဆိုပါအချက်သည် လျှပ် စစ်ဓါတ်အားအသုံးပြုရန်မလိုသည့် အောက်ဆီဂျင်ပေးစက်ကို တီထွင်ဆန်းသစ်ထုတ်လုပ်ရန် တွန်းအားဖြစ်စေခဲ့ပါကြောင်း ပါမောက္ခ Bae Sang-min ကပြောကြားခဲ့ပါသည်။

အဆိုပါကိရိယာမျိုးကို ယခင်ကတီထွင်ကြမှုမရှိခြင်းမှာ အကျိုးအမြတ်ရရှိမှုနည်းခြင်းကြောင့် ဖြစ်နိုင်ပါကြောင်း၊ James Dyson Award ဆုရရှိပါက ရရှိမည့်ငွေ ပေါင် ၃၀,၀၀၀ သည် Oxynizer ကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး အထောက်အပံ့ကောင်း ဖြစ်စေနိုင်ပါကြောင်း၊ Oxynizer  ကို Prototypes for Humanity 2024 (လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်သည့် ဆန်းသစ်တီထွင်မှုများဆောင်ရွက်နေသော ကမ္ဘာတစ်ဝန်းမှ တက္ကသိုလ်ကျောင်းသားများနှင့် ဘွဲ့ရများအတွက် အစီအစဉ် ၂၀၂၄) တွင်လည်း ပါဝင်ယှဉ်ပြိုင်ရာတွင် ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်ထားပါကြောင်း၊ ၁၇-၁၁-၂၀၂၄ ရက်မှ ၂၂-၁၁-၂၀၂၄ ရက်နေ့အထိ ကျင်းပမည့် Prototypes for Humanity 2024 တွင် Oxynizer ပြသသွားမည်ဖြစ်ပြီး ထိပ်တန်းစာရင်းဝင်ပစ္စည်းအဖြစ် ရွေး ချယ်ခံရပါက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ဆုရရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါဆုငွေသည်လည်း Oxynizer ကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး အထောက်အပံ့ကောင်းဖြစ်စေနိုင်ပါကြောင်း ပါမောက္ခ Bae Sang-min မှ ပြောကြားခဲ့ပါသည်။

အဆိုပါ Oxynizer ကို စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဆိုပါက ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများရှိ အပျော့စားအဆင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသည့် လူနာများအားမလိုလားအပ်သော အသက်အန္တရာယ်ဆုံးရှုံးမှုများမှ ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: https://www.koreatimes.co.kr/www/tech/2024/10/133_384586.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

 

Category: International News