International News

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အိန္ဒိယသည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများအပေါ် မေးခွန်းထုတ်

Last Updated:

အိန္ဒိယသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှု မရှိသော ထောက်ပံ့မှုများကြောင့် ဈေးနှုန်းနိမ့်၊ အရည်အသွေးမမှီသော ကုန်ပစ္စည်းများ အိန္ဒိယနိုင်ငံ အတွင်းသို့ ဝင်ရောက်လာကာ ၎င်း၏ပြည်တွင်းစက်မှုလုပ်ငန်းများကို ထိခိုက်နစ်နာစေသည့် အတွက် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများစွာကို မေးခွန်းထုတ်ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများ ပြန်လည်သုံးသပ်မှုကာလအတွင်း ကုန်သွယ်ရေးဆိုင် ရာ ပြဿနာအများအပြားအတွက် စိုးရိမ်ပူပန်မှုများကို အိန္ဒိယက ထောက်ပြခဲ့ခြင်းဖြစ်ပြီး ယင်းတွင်  တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ဒေတာစည်းမျဉ်းများနှင့် ဥပဒေများ၊ အရေးကြီးသော ကုန်ကြမ်းပစ္စည်းများအပေါ် တင်ပို့မှုထိန်းချုပ်ရေး အစီအမံများနှင့် ဆေးဝါးတင်ပို့မှုများကို ဆိုးရွားစွာ ထိခိုက်စေသည့် အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ အရေးပါသော ဓာတ်သတ္တုများ တင်ပို့ခြင်းကို တားမြစ်ခြင်းတို့ပါဝင်ကြောင်း သိရှိရသည်။

အိန္ဒိယသည် ၂၀၂၄ ဘဏ္ဍာနှစ်တွင် တရုတ်နှင့်ကုန်သွယ်မှု၌ ဒေါ်လာ ၈၅.၀၇ ဘီလီယံ လိုငွေပြမှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစံနှုန်းများနှင့် အလေ့အကျင့်များအပေါ်လည်း မေးခွန်းထုတ် ခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင် သြဂုတ်လအထိ ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၄၀.၈ ဘီလီယံ အထိရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

အကောက်ခွန်မဟုတ်သော အတားအဆီးများသည် အိန္ဒိယ၏ ပုစွန်နှင့် အသားများ  တရုတ် နိုင်ငံသို့ တင်ပို့မှုအပေါ်ထိခိုက်ခဲ့ကြောင်း၊  တရုတ်နိုင်ငံသည် ထုတ်ကုန်များစွာ၏ စျေးကွက်ဝင် ရောက်ခွင့်ကို ကန့်သတ်ထားကြောင်း၊ ထိုသို့ကန့်သတ်ခြင်းမရှိပါက ကုန်သွယ်မှုလိုငွေကို လျှော့ ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ အိန္ဒိယသည် ပုစွန်တင်ပို့မှုတိုင်းအတွက် ရောဂါပိုးများ စမ်းသပ်ရန် တရုတ်နိုင်ငံက အဆိုပြုထားသော ကျန်းမာရေး ထောက်ခံချက်ပုံစံ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိရှိလိုပါကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် တရုတ်နှင့် ကာလကြာရှည် ဆိုင်းငံ့ထားသည့် အသားအတွက် စျေးကွက် ရရှိရေး တောင်းဆိုမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပြီး အဆိုပါတောင်းဆိုချက်အပေါ် တရုတ်နိုင်ငံက  ယင်းကန့်သတ်ချက်များသည် အိန္ဒိယရှိ ကျွဲ၊ နွားတိရစ္ဆာန်များတွင် ဖြစ်ပွားနေ သော အရေပြားရောဂါများကြောင့်ဖြစ်သည်ဟု  တုံ့ပြန်ခဲ့သည်။

အရာရှိများ၏အဆိုအရ အိန္ဒိယသည် Anti Dumping စုံစမ်းစစ်ဆေးမှုတွင် တရုတ်အာဏာပိုင်များက စည်းကမ်းလိုက်နာမှုနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် အသေးစိတ်အချက်အလက်များကို ‌မေးမြန်းခဲ့ကြောင်းသိရှိရသည်။

အိန္ဒိယသည် WTO တွင် တရုတ်ဦးဆောင်သော ဘက်စုံရင်းနှီးမြုပ်နှံမှု လွယ်ကူချောမွေ့ စေရေး ဖွံ့ဖြိုးတိုးတက်မှု (Investment Facilitation Development - IFD) သဘောတူညီချက်ကို လည်း မေးခွန်းထုတ်ခဲ့သည်။

အိန္ဒိယကဆန့်ကျင်ထားသည့် ယင်းသဘောတူစာချုပ်တွင် ရင်းနှီးမြှုပ်နှံမှု အစီအမံများ၏ ပွင့်လင်းမြင်သာမှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အာဏာများကို လွယ်ကူချောမွေ့စေရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ သတင်းအချက်အလက်မျှဝေရေး၊ အကောင်းဆုံး အလေ့အကျင့်များဖလှယ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများကို အလေး ပေး ဖော်ပြထားသည်။

ယင်းစာချုပ်သည် ရင်းနှီးမြှုပ်နှံမှုများအားလုံးကိုစစ်ဆေးမည့် လွတ်လပ်သောအဖွဲ့အစည်း တစ်ခုမှ တစ်ဆင့် ရင်းနှီးမြုပ်နှံမှုအကြိုစစ်ဆေးခြင်း (သို့မဟုတ်) အယူခံဝင်မှုစနစ်ကို ထည့်သွင်း ရန် ကြိုးပမ်းလျှက်ရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယအနေဖြင့် ယင်းစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့လျှင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒဖြစ်သည့် အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံများမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) များအတွက် အစိုးရ၏ ကြိုတင်ခွင့်ပြုချက်မဖြစ်မနေ လိုအပ်ချက်အား ရှင်းလင်းပြောကြားရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းမူဝါဒအရ အိန္ဒိယသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများအား စိစစ်မှုကို တင်းကြပ်ထားကြောင်း သိရှိရသည်။

ထို့ကြောင့် အိန္ဒိယသည် ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်အားလုံး၏ သဘောဆန္ဒကိုအခြေခံ၍ ဆုံးဖြတ်ချက်ချမှတ်သည့် အလေ့အထကိုချိုးဖောက်နေသော IFD သဘောတူညီချက်ကို နိုင်ငံစုံ ကုန်သွယ်မှုမူဘောင်တွင် ပေါင်းစည်းရန် တရုတ်နိုင်ငံက မည်သို့စီစဉ်ထားကြောင်းကိုလည်း သိရှိလိုလျက်ရှိကြောင်း သိရှိရသည်။

 

Source: At WTO, India breathes fire over Dragon’s trade policies, The Economic Times,

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News