International News

တောင်ကိုရီးယားနိုင်ငံရှိ ပို့ကုန်သွင်းကုန်ဘဏ်က ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းများအဆင့်မြှင့်တင် ရေးအတွက် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁၂၀ ထုတ်ထုတ်ချေးပေး

Last Updated:

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၁၇-၅-၂၀၂၄ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ ယွန်ဆုခ်ယော်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မက်နက်တို့အကြား ကျင်းပသော နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၏ လမ်းများ အဆင့်မြှင့်တင်ရေးအတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၂၀ ကို နိုင်ငံပိုင်ဘဏ်ဖြစ်သည့် ပို့ကုန်သွင်းကုန်ဘဏ် (Eximbank) မှ ထုတ်ချေးပေးရန် သဘာတူစာချုပ်ချုပ်ဆိုခဲ့ကြပါသည်။ အဆိုပါစာချုပ်တွင်  Eximbank ဥက္ကဋ္ဌ Mr. Yoon Hee-sung နှင့် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. ROS Seilava တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောင်ကိုရီးယားနိုင်ငံ၏ ဘဏ္ဍာရေးအကူအညီအစီအစဥ်များကို တာဝန်ယူဆောင်ရွက်ရန် တောင်ကိုရီးယားနိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာအပ်နှင်းခံထားရသော Eximbank သည် ကမ္ဘောဒီးယားနိုင်ငံအတွက် ချေးငွေကို စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (Economic Development Cooperation Fund- EDCF) မှ ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။

ယခုဆောင်ရွက်သည့် EDCF အစီအစဉ်အရ ချေးငွေထုတ်ပေးသည့် ပမာဏသည်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၉၅ ဘီလီယံနီးပါးရှိရာ ကမ္ဘောဒီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ EDCF ၏ တတိယမြောက်အကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ သယ်ယူပို့ ဆောင်ရေးနှင့် ရေအရင်းအမြစ်စသည့် အမျိုးမျိုးသော ဧရိယာများစွာတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုထုတ်ပေးသောချေးငွေသည် ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတစ်ခုဖြစ်သည့် ပဉ္စဂံမဟာဗျူဟာ (Pentagonal Strategy) နှင့်အညီ ရေးဆွဲထား သည့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦးစီမံကိန်းအတွက် ရည်ရွယ်၍ ထုတ်ချေးပေးခြင်း ဖြစ်ပါသည်။ ယခုစီမံကိန်းအရ  ကမ္ဘောဒီးယားနိုင်ငံ၏ တောင်ပိုင်းပြည်နယ် ၆ ခုရှိ ကီလိုမီတာ ၃၉၁ နီးပါး အရှည်ရှိ လမ်းကြောင်း ၃၇ ခုကို ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် အဆိုပါပြည်နယ်များတွင် လမ်းပန်းဆက်သွယ်မှုချောမွေ့လာပြီး ဒေသနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို ပိုမိုအဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။

အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံသို့ ချေးငွေထုတ်ချေးပေးသည့် ယခုစာချုပ်သည် တောင်ကိုရီးယား-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တံတားတည် ဆောက်ခဲ့သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ် သည်ဟု Eximbank ဥက္ကဋ္ဌ Mr. Yoon Hee-sung က ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း ဟန်ချက်ညီသည့် ဒေသဖွံ့ဖြိုးမှုအတွက် အကူအညီပေးခြင်းသည် တောင်ကိုရီးယားနိုင်ငံရှိ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ပြည်ပသို့ ခြေဆန့်၍ အတွေ့အကြုံရယူနိုင်ရေးအတွက် အထောက်အကူတစ်ခုဖြစ်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း ဥက္ကဋ္ဌ Mr. Yoon Hee-sung က ပြောကြားခဲ့ပါသည်။

ထိပ်သီးဆွေးနွေးပွဲကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူထားသည့် Mr. Choi Sang-mok နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတာဝန်များယူထားသူ  Mr. SOK Chenda Sophea တို့သည် ကမ္ဘောဒီးယားနိုင်ငံအား တောင်ကိုရီးယားနိုင်ငံ၏ EDCF Framework Arrangement (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံ ငွေမူဘောင်သဘောတူညီချက်) မှ သက်သာသောချေးငွေ (Concessional Loan) ထုတ်ပေးမှု ပမာဏကို  မြှင့်တင်နိုင်ရေးအတွက်လည်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ သဘော တူညီချက်အရ Concessional Loan ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံမှ ၃ ဘီလီယံအထိ တိုးမြှင့်သွားမည်ဖြစ်ပြီး ချေးငွေထုတ်ပေးမှုကာလကိုလည်း ၂၀၂၂-၂၀၂၆ မှ ၂၀၂၂-၂၀၃၀ အထိ တိုးမြှင့်ပေးခဲ့ပါသည်။

 

 

Source https://www.koreaherald.com/view.php?ud=20240517050631

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: International News