International News

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စိုက်ပျိုးရေးထွက်ကုန်များ မှောင်ခို တင်သွင်းမှု တိုက်ဖျက်ရေးကို အရှိန်မြှင့်တင်ဆောင်ရွက်

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ မှောင်ခိုတင်သွင်းမှုကို တိုက်ဖျက်ရာတွင် ကြီးကြပ်ကွပ်ကဲမှုကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chakra Yodmani က ပြောကြားလိုက်ပါသည်။

ဦးစီးဌာနအနေဖြင့် စပါးနှင့် ဆန်၊ အစိုးရမှ သိုလှောင်ထားသောဆန်၊ လတ်လတ်ဆတ်ဆတ် ပီလောပီနံအမြစ်များနှင့် ပီလောပီနံအပြားများ၊ ပီလောပီနံအစေ့များ သို့မဟုတ် ဖြတ်ပိုင်းများ၊ စားအုန်းဆီ၊ တိရိစ္ဆာန်အစာပြောင်း၊ ဂျုံနှင့် မုယော၊ အုန်းသီးအရင့်များနှင့် အုန်းသီးထုတ်ကုန်များ၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် လယ်ယာထွက်ကုန်သီးနှံ ၁၀ မျိုးအပေါ် ထိန်းချုပ်မည့်အစီအမံများကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း အသေးစိတ်ကို ရှင်းလင်းပါသည်။

ဆောင်ရွက်လျက်ရှိသည့် အစီအမံများမှာ မှောင်ခိုကုန်ကူးမှုနှင့် ခွင့်ပြုချက်မရှိဘဲ တင်သွင်းနေမှုများကို တားဆီးရန် ဖြစ်ကြောင်း၊ နယ်စပ်စစ်ဆေးရေးစခန်းများနှင့် အကောက်ခွန်စစ်ဆေးရေး စခန်းများကို ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်ထားပါကြောင်း၊ ထိန်းချုပ်နယ်မြေပြင်ပမှ ကုန်ပစ္စည်းများ ပို့ဆောင်မည်ဆိုပါကလည်း ခွင့်ပြုချက်ရယူရန် လိုအပ်ပါကြောင်း၊ ပို့ဆောင်ရေး လမ်းကြောင်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များထားရှိပြီး ခွင့်ပြုချက်များနှင့် ပမာဏများ အလွန်အကျွံ သယ်ဆောင်ခြင်းတို့ကို စစ်ဆေးရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းအက်ဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ဈေးနှုန်းသတ်မှတ်ရေးကော်မတီက ထုတ်ကုန်နှင့် ဝန်ဆောင်မှု ၅၁ မျိုးအပေါ် ဈေးနှုန်း ထိန်းချုပ်ရေးကာလသည် ၂၀၂၄ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် ကာလထပ်မံ သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းထိန်းချုပ်မည့် စာရင်းကို အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူသွားမည် ဖြစ်ကြောင်း Mr. Chakra ၏ ပြောကြားချက်အရ သိရှိရပါသည်။

 

Source: www.bangkokpost.gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)   

Category: International News