Local News

ရန်ကုန် အပါအဝင် တိုင်းဒေသကြီး (၅) ခုတွင် ဆန်သိုလှောင်မှုစာရင်းကောက်ယူမည်

Last Updated:

ရန်ကုန် အပါအဝင် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဆန်သိုလှောင်မှု စာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

 

          ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ စပါးတင်း ၅၀၀၀ နှင့် ဆန်တန်ချိန် (၅၀) အထက် ဆန်စပါးသိုလှောင်ရုံများ မှတ် ပုံတင်ခြင်းအတွက် လာမည့် ဇွန်လ (၂၆)ရက်၊ နောက်ဆုံးထား၍ လျှောက်လွှာများ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ သင့်တင့်မျှတတည်ငြိမ်သော ဆန်ဈေးကွက်နှင့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိုလှောင်ရုံ/သိုလှောင်မှု လုပ်ငန်းအလိုက် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းဇယားများနှင့် အပတ်စဉ်/လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းချုပ်များ ပြုစုထားရှိရမည်ဖြစ်ပြီး ပူးတွဲလျှောက်လွှာပုံစံဖြင့် အချက်အလက်များ ဖြည့်သွင်းတင်ပြရန် ကြေညာထားသည်။

          ထို့အပြင် သတ်မှတ်တိုင်းဒေသကြီးများအတွင်းရှိ ကုမ္ပဏီများ၊ ဆန်စက်/ဆန်ကုန်သည်များ၏ နယ်များတွင်ရှိသည့် သိုလှောင်ရုံများကို အချက်အလက်တောင်းခံရယူထားပြီး ပုံစံတွင် ဖြည့်သွင်း၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဒီဂျစ်တယ်နည်းပညာဖြင့် မှတ်ပုံတင်စာရင်း တင်ပြဆောင်ရွက်နိုင်မည့် Online Registration စနစ် (MyRO) ကို ဆောင်ရွက်လျက်နေပြီး မကြာမီ စတင်အသုံး ပြုနိုင်မည်ဖြစ်ကာ သိုလှောင်ရုံများအား Digital Certificate ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ Online Registration စနစ် ကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် Trial Operation အဖြစ် နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးတိုင်းတို့တွင် ဇွန်နှင့် ဇူလိုင်လများ၌ သိုလှောင်မှုအခြေအနေများကို စတင်ကောက်ခံ စာရင်းပြုစုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Source: Popular News Journal 

Category: Local News