စင်ကာပူနိုင်ငံသို့ ဗီယက်နမ်ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် သိသာထင်ရှားသော တိုးတက်မှုရှိပြီး စင်ကာပူနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ တတိယအကြီးဆုံး ဆန်တင်သွင်းသူအဖြစ် ရပ်တည်ခဲ့ကြောင်း စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်မှုရုံး၏ အဆိုအရ သိရှိရပါသည်။
ပို့ကုန်ဝင်ငွေသည် စင်ကာပူဒေါ်လာ ၁၂၈.၉ သန်း (အမေရိကန်ဒေါ်လာ ၉၅.၂ သန်း) ရောက်ရှိခဲ့ပြီး စင်ကာပူဆန်ဈေးကွက်ဝေစု၏ ၂၈.၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၈.၄၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် စင်ကာပူသို့ ထိပ်တန်းဆန်တင်ပို့သူအဖြစ် ရပ်တည်နေပြီး ဈေးကွက်ဝေစု၏ ၃၂.၄၈ ရာခိုင်နှုန်းနှင့် ၃၀.၁၉ ရာခိုင်နှုန်းအသီးသီးရှိပြီး ပို့ကုန်ရငွေမှာ စင်ကာပူဒေါ်လာ ၁၄၈.၁၉ သန်းနှင့် ၁၃၇.၇၅ သန်း ဖြစ်ကြောင်းသိရှိရပါသည်။
စင်ကာပူ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းတန်ဖိုး စင်ကာပူဒေါ်လာ ၄၅၆.၂ သန်းကျော်အထိ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ဆန်အမျိုးအစားသုံးမျိုးဖြစ်သည့် ဆန်ဖြူ (၄၂.၂၃ ရာခိုင်နှုန်း)၊ ကြိတ်ခွဲပြီးဆန် (သို့မဟုတ်) ဆန်မွှေး (၆၅.၇၃ ရာခိုင်နှုန်း)နှင့် ကောက်ညှင်းဆန် (၇၇.၀၂ ရာခိုင်နှုန်း) တို့သည် အဆိုပါဆန်ဈေးကွက်တွင် လွှမ်းမိုးထားကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဦးဆောင်နေရာတွင် ရှိနေသော်လည်း နှစ်ကုန်ပိုင်းတွင် ဆန်ဖြူတင်ပို့မှုအကန့်အသတ်ဖြစ်လာသောကြောင့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ကျော်တက်သွားပြီး စင်ကာပူဈေးကွက်တွင် ဦးဆောင်နေရာကို ဆုံးရှုံးခဲ့ ရကြောင်း ဖော်ပြထားသည်။
စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲဖြစ်သူ Cao Xuan Thang က ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ဆန်စပါးအသင်းအဖွဲ့များ၏ ဆန်ဖြူတင်ပို့ရန်အတွက် ကုန်သွယ်ရေးမြှင့်တင်ရေးကြိုးပမ်းမှုများတွင်အောင်မြင်မှုအနည်းငယ်သာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်ဟု ဖော်ပြထားပါသည်။
ဆန့်ကျင်ဘက်အားဖြင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကဲ့သို့သော ပြိုင်ဖက် နိုင်ငံများသည် ဈေးကွက်ချဲ့ထွင်မှုအတွက် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံကြပြီး ၎င်းတို့၏ အမှတ်တံဆိပ်ကို မြှင့်တင်ရန်အတွက် တင်သွင်းသူများနှင့် မိတ်ဖက်များထူထောင်ထားကြောင်း၊ Thang က ဈေးကွက်ရှာဖွေရေးမဟာဗျူဟာများမြှင့်တင်လုပ်ဆောင်ရန်၊ အမှတ်တံဆိပ်တည်ဆောက်ရန်နှင့် စင်ကာပူဆန်ဈေးကွက်တွင် ဗီယက်နမ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ရေရှည်စီမံကိန်းများ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
Source: Viet Nam News
(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)