International News

ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံ ပြောကြား

Last Updated:

အီရန်နိုင်ငံအနေဖြင့် ၎င်း၏ရေနံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ အထူးသဖြင့် OPEC+ ရေနံထုတ်လုပ်သူများကို ကြိုဆိုကြောင်း အီရန်ရေနံ ဝန်ကြီးဌာန ပြီးခဲ့သည့်သတင်းပတ်ကုန်ပိုင်းတွင် ပြောကြားခဲ့ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံဘက်မှ အီရန်တွင်ရင်းနှီးမြှုပ်နှံမှု လျှင်လျှင်မြန်မြန် စတင်နိုင်ကြောင်း ပြောဆိုခဲ့ပြီးနောက် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ဆော်ဒီအာရေဗျနှင့် အီရန်တို့သည် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ပြီး သံရုံးများနှင့် အဖွဲ့ရုံးများ ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြ ကြောင်း ဘေဂျင်းတွင်ဆော်ဒီ-အီရန်တို့အကြားဆွေးနွေးမှုအပြီး ယခုလအစောပိုင်းတွင်ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင်ဆော်ဒီအာရေဗျ၊ အီရန်နှင့်တရုတ်တို့မှ ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနှင့်အီရန်ကြား အကွဲအပြဲသည် မကြာသေးမီနှစ်များအတွင်း၌သာမက ဆယ်စုနှစ်များအတွင်း အရှေ့အလယ်ပိုင်း၏ဒေသတွင်း နိုင်ငံရေးကိုပုံဖော်ခဲ့သည်။

နှစ်နိုင်ငံလုံးသည် ရေနံအများဆုံးထုတ်လုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများဖြစ်သော်လည်း အီရန်နိုင်ငံ၏ထုတ်လုပ်မှုမှာ ၂၀၁၈ခုနှစ်မှစတင်၍ ကျဆင်းသွားခဲ့ပါသည်။ ထိုအချိန်တွင် အမေရိကန်သမ္မတဖြစ်သူဒေါ်နယ်ထရမ့်က အီရန်နယူးကလီးယားသဘောတူစာချုပ်မှ နှုတ်ထွက်ခဲ့ပြီး အီရန်၏ရေနံလုပ်ငန်းနှင့်ပို့ကုန်များအပေါ် ပိတ်ဆို့အ‌ရေးယူမှုများချမှတ်ခဲ့ပါသည်။ အိုပက်အဖွဲ့၏ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျအနေဖြင့်လည်း ရုရှားနိုင်ငံနှင့်အိုပက်+ ရေနံထုတ်လုပ်မှုခွဲတမ်းများ (quotas) သဘောတူစာချုပ်ချုပ်ထားပါသည်။ ပိတ်ဆို့ အရေးယူမှုများကြောင့် အီရန်နိုင်ငံသည် အဆိုပါ quotas မှကင်းလွတ်ခွင့်ရရှိထားပါသည်။

အီရန်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး ရေနံလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသူအသစ်များ အတွက် ထိုက်တန်သည့် အကျိုးအမြတ်ရရှိနိုင်မှာ ဖြစ်သောကြောင့် ကမ္ဘာ့စွမ်းအင်လုံခြုံရေးကို အာမခံနိုင်ရေးအတွက် ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှုပုံစံမျိုးစုံကို ကြိုဆိုကြောင်း၊ အထူးသဖြင့် OPEC+ ရေနံထုတ်လုပ်သူများကို ကြိုဆိုကြောင်း အီရန်ရေနံဝန်ကြီးဌာနမှ တနင်္ဂနွေနေ့ တွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားပါသည်။

သဘောတူညီချက်များကို လေးစားလိုက်နာမည်ဆိုပါက အီရန်တွင် ရင်းနှီးမြှုပ်နှံခြင်းတွင် အတားအဆီး တစုံတရာမတွေ့ဘဲ ဆော်ဒီအတွက် အခွင့်အလမ်းအများအပြားရှိကြောင်း ဆော်ဒီ ဘဏ္ဍာရေးဝန်ကြီး Mohammed Al-Jadaan က ပြီးခဲ့သော သီတင်းပတ်၌ ပြောကြားခဲ့ပါသည်။

စွမ်းအင်ကဏ္ဍ၏ စီးပွားရေးအခြေခံအုတ်မြစ်များတွင် နိုင်ငံရေးနှင့် တရားရေးအရ စွက်ဖက်ခြင်း အပါအဝင် အဟန့်အတားများရှိခြင်းသည် ပါဝင်လုပ်ကိုင်သူများအတွက် အကျိုးမဲ့ (lose-lose game) ဖြစ်စေပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက် လုံခြုံစိတ်ချရမှု ပေးစွမ်းနိုင်ခြင်းနှင့် စွမ်းအင်းရှားပါး ပြတ်တောက်ခြင်းကို ကူညီဖယ်ရှားနိုင်မှုအတွက် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းနှင့် စွမ်းအင်ဈေးကွက် တည်ငြိမ်ရေးအတွက် နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုကို ဖယ်ရှားပစ်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး ၊ဟောင်ကောင်)

Category: International News