International News

ရုရှား၏ ငါးနှင့်ရေထွက်ကုန်များ တင်ပို့နိုင်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံရှိမည်

Last Updated:

၂၀၂၄ ခုနှစ်အတွက် ရုရှားနိုင်ငံ၏ ငါးနှင့်ရေထွက်ကုန်များ တင်ပို့နိုင်မှုပမာဏသည် ၂၀၂၃ ခုနှစ်အဆင့်တွင်ရှိမည်ဖြစ်ကြောင်း ငါးလုပ်ငန်းသမဂ္ဂဥက္ကဋ္ဌ Mr. Alexander Panin က စိန့်ပီတာစဘတ်မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာငါးလုပ်ငန်းဖိုရမ်တွင် ပြောကြားခဲ့သည်။

ရုရှားဖက်ဒရယ်ငါးလုပ်ငန်းအေဂျင်စီ(Federal Agency for Fishery) အကြီးအကဲ Mr. Ilya Shestakov ၏ ပြောဆိုမှုအရ ၂၀၂၃ ခုနှစ်တွင် ရုရှားငါးနှင့်ရေထွက်ကုန်များတင်ပို့မှု ပမာဏသည် တန်ချိန် ၂.၅ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရှိရသည်။

ရုရှားမှ အဓိကတင်ပို့သော ရေထွက်ကုန်အမျိုးအစားများမှာ အေးခဲငါးများ အပါအဝင် pollock ၊ herring ၊ salmon ၊ sardine ၊ cod ၊ fishmeal နှင့် ဂဏန်းများ ဖြစ်သည်။ ၂၀၃၀ ခုနှစ်တွင် ပြုပြင်ပြီးရေထွက်ကုန်များတင်ပို့နိုင်မှုအပါအဝင် ငါးနှင့်ရေထွက်ကုန်များ တင်ပို့မှု တန်ဖိုး စုစုပေါင်း ဒေါ်လာ ၇/၈ ဘီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း ဖက်ဒရယ် ငါးလုပ်ငန်းအေဂျင်စီက ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ရေနေသတ္တဝါ ဇီဝအရင်းအမြစ်များ ထုတ်လုပ်မှုတွင် ထိပ်တန်းငါးနိုင်ငံစာရင်းထဲ၌ ပါဝင်ပြီး ပြည်တွင်းစျေးကွက် လိုအပ်ချက်များကို အပြည့် အ၀ ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ရုရှားရေပိုင်နက်တွင် မပေါက်ဖွားသော ရေထွက်ကုန်များသာ တင်သွင်းကြောင်း သိရှိရသည်။

ရုရှားမှ ရေထွက်ကုန်များ အဓိကတင်ပို့သောနိုင်ငံများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပိုလန်နှင့် ဂျာမနီတို့ဖြစ်ပြီး အဓိကတင်သွင်းသောနိုင်ငံများမှာ ချီလီ၊ တူကီယဲ၊ အိန္ဒိယ၊ တရုတ်နှင့် အီကွေဒေါတို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ငါးနှင့် ရေထွက် ကုန်တင်သွင်းမှုပမာဏသည် တန်ဖိုး ဒေါ်လာ ၁.၃ ဘီလီယံရှိခဲ့သည်။

ရုရှားမှ အဓိကတင်သွင်းသော ရေထွက်ကုန်အမျိုးအစားများမှာ အေးခဲငါးများ အပါ အဝင် Vannamei ပုစွန်၊ salmon နှင့် ပြည်ကြီးငါးများဖြစ်သဖြင့် မြန်မာနိုင်ငံမှ Vannamei ပုစွန်များအား ရုရှားနိုင်ငံသို့ တင်ပို့နိုင်မည့်အလားအလာကောင်းများ ရှိနေပါကြောင်း သိရှိရပါသည်။

 

Source :       https://tass.ru/ekonomika/21887361

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News