International News

ရုရှားနှင့် ဂျပန်ကြား ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် သြဂုတ်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ် တိုးတက်

Last Updated:

၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ရုရှားနှင့် ဂျပန်ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၇၄၃ သန်းခန့်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၃.၈၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေး၀န်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။ ယင်းပမာဏသည် ၂၀၂၂ ခုနှစ် သြဂုတ်လနောက်ပိုင်းတွင် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပမာဏ ပထမဆုံးအကြိမ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဂျပန်မှ ရုရှားသို့ တင်ပို့မှုသည် ဒေါ်လာ ၁၉၂.၉ သန်း ရှိပြီး ၁၇.၉ ရာခိုင်နှုန်း တိုးတက် ခဲ့ကာ တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းခန့်သည် ဂျပန်မော်တော်ယာဉ်များဖြစ်သည်။ ရုရှားနိုင်ငံမှ တင်သွင်းမှုသည် ဒေါ်လာ ၅၅၀ သန်းရှိပြီး ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တင်သွင်းမှု၏ ၇၀ ရာခိုင်နှုန်းခန့်သည် စွမ်းအင်အရင်းအမြစ်များဖြစ်သည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ဂျပန်သည် ရုရှားမှ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုကို ၄၉ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ LNG သည် ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၆၉ ရာခိုင်နှုန်းခန့်ရှိပြီး ကျောက်မီးသွေးတင်သွင်းမှုသည် ၂၃.၂ ရာခိုင်နှုန်း လျော့ကျခဲ့ကာ ရေနံ တင်သွင်းခြင်းမရှိပါ။ ဂျုံတင်သွင်းမှုသည် ၁၄၅ ဆ တိုးတက်ခဲ့ပြီး တန်ချိန် ၆၃၀၀ ရှိခဲ့ကာ ငါးတင်သွင်းမှုသည် ၄.၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ သံနှင့် သံမဏိထုတ်ကုန်များ တင်သွင်းမှုသည် ၆၈.၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။

အဆိုပါကာလအတွင်း ရုရှားသို့ ဂျပန်မော်တော်ယာဉ်များ တင်ပို့မှုသည် ၂၅.၆ ရာခိုင် နှုန်း တိုးတက်ခဲ့ပြီး အပိုပစ္စည်းနှင့် အစိတ်အပိုင်းများ တင်ပို့မှုသည် ၁၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ဂျပန်မှ ရုရှားသို့ ကားနှင့်အပိုပစ္စည်းများ တင်ပို့မှုသည် သိသိသာသာ လျော့ကျသွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စတင်အသက် ဝင်ခဲ့သော ပိတ်ဆို့အရေးယူမှုများကြောင့် အင်ဂျင် ၁.၉ လီတာထက်ကြီးသော ဓာတ်ဆီနှင့် ဒီဇယ်ကားများအပါအဝင် hybrid ကားများ တင်ပို့ခြင်းကို တားမြစ်ခဲ့သည်။ ယခုအခါ အဆိုပါ ပိတ်ဆို့အရေးယူမှုများ စတင်ပြီးနောက် ဂျပန်မှ မော်တော်ကားတင်ပို့မှုသည် ပထမဆုံးအကြိမ် တိုးလာခဲ့ခြင်းဖြစ်သည်။

 

 

Source :       https://www.kommersant.ru/doc/7164282

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News