ထိုင်းနိုင်ငံ၌ ကမ်းရိုးတန်း တိုက်စားခြင်းမှ အကာအကွယ်ပေးရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ပေးရေးကို အားပေးသည့်အနေဖြင့် ဒီရေတောများ စိုက်ပျိုးထားသော နေရာများရှိ မြေယာပိုင်ရှင်များကို မြေယာခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ရေကြောင်းနှင့် ကမ်းရိုးတန်းရင်းမြစ်များ ဦးစီးဌာနက ပြောကြားခဲ့ပါသည်။
မြေယာပိုင်ဆိုင်သူများက မြင့်မားသော အခွန်ကို ရှောင်ရှားရန် မြေယာများကို စိုက်ပျိုးမြေသို့ ပြောင်းလဲမှုကို ရပ်တန့်နိုင်ရေးအတွက် ပုဂ္ဂလိကပိုင် ဒီရေတောများအား မြေယာခွန်ကင်းလွတ်ခွင့် ပြုနိုင်ရေးအပေါ် အစိုးရအဖွဲ့က ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ မြေယာနှင့် အဆောက်အဦခွန် အက်ဥပဒေ (၂၀၁၉) အရ မြေလွတ်များသည် စိုက်ပျိုးရေးအတွက် အသုံးပြုသော မြေယာများထက် အခွန်ပိုမိုမြင့်မားပါကြောင်း၊ ရလဒ်အဖြစ် မြေပိုင်ရှင်များက မြင့်မားသော အခွန်များကို ရှောင်ရှားရန် ဒီရေတော ကြွယ်ဝသော ကမ်းရိုးတန်းမြေများကို စိုက်ပျိုးမြေများသို့ ပြောင်းလဲကြပါကြောင်း၊ ဒီရေတောများသည် နိုင်ငံ၏ ကမ်းရိုးတန်းကို ထိန်းသိမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သဖြင့် ဒီရေတောများကို ရှင်းလင်း၍ စိုက်ပျိုးမြေများသို့ ပြောင်းလဲခြင်းကို ကာကွယ်ရန် အစိုးရအနေဖြင့် မြေယာခွန် ကင်းလွတ်ခွင့်ပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဦးစီးဌာန အကြီးတန်းအရာရှိ Mr. Pinsak Surasa-wadi က ပြောကြားခဲ့ပါသည်။
ဒီရေတောသစ်တောများသည် ရေနေသတ္တဝါငယ်များအတွက် ထိန်းသိမ်းစောင့်ရှောက်ရာ မြေနေရာဖြစ်ရုံသာမက ကမ်းပြိုခြင်းနှင့် သဘာဝဘေးန္တရာယ်များမှပါ ကာကွယ်ပေးသည့် သဘာဝ အတား အဆီးဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်လည်း စုပ်ယူပေးပါကြောင်း၊ ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားသော ဒီရေတော ရိုင် ၁.၁ သန်းရှိပြီး အများစုမှာ ရေသတ္တဝါမွေးမြူရေးစိုက်ကွက်များသို့ ပြောင်းလဲ ခဲ့ပါကြောင်း၊ ဒီရေတောများအပါအဝင် အစိမ်းရောင် နေရာများအပေါ် အခွန်ကောက်ခံခြင်းကို ကင်းလွတ်ခွင့်ပြုရန် အစိုးရအဖွဲ့က မူအားဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ အစိမ်းရောင်နေရာများဆိုသည်မှာ ဟင်းသီးဟင်းရွက်များသည် အဓိက ပါဝင်မှုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် လူနေမှုဘဝများကို အကျိုးကျေးဇူးဖြစ်စေရန် သတ်မှတ်ထားရမည်ဖြစ်ကြောင်း Mr. Pinsak က ဆက်လက်ပြောကြားခဲ့သည်။
မြေယာများကို အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့စီမံခန့်ခွဲမှုဘုတ်အဖွဲ့က အတည်ပြုထားသော ကာဗွန်ခရက်ဒစ် ကုန်သွယ်မှုမှလွဲ၍ အမြတ်အတွက် အသုံးမပြုရပါကြောင်း၊ ဥပဒေသစ်သည် ဇန်နဝါရီ လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ဒီရေတောမျိုးစေ့များကို တောင်သူများထံ ဖြန့်ဝေခြင်းဖြင့် ၎င်းတို့၏ မြေယာများတွင် စိုက်ပျိုးမှုကို အားပေးသွားမည်ဖြစ်ကြောင်း Mr. Pinsak ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။