တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသည့် ကီလိုဝပ် ၁ သန်း ရှိသော နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားစီမံကိန်း (photovoltaic project) ကိုလာအိုနိုင်ငံမြောက်ပိုင်းတွင် စတင်ဖွင့်လှစ်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၏ နျူကလီးယားဓါတ်အားပေးလုပ်ငန်းကြီးတစ်ခု ဖြစ်သည့် China General Nuclear Power Corporation (CGN) မှ ကြေညာခဲ့သည်။
ယင်း စီမံကိန်းသည် CGN နှင့် အခြားသော တရုတ်နှင့် လာအို စီးပွားရေးလုပ်ငန်းပေါင်း ၇၀ ကျော်တို့ ပူးပေါင်းတည်ဆောက်သည့် စီမံကိန်းဖြစ်သည်။ စီမံကိန်း အဆင့် ၁ အနေဖြင့် လာအိုနိုင်ငံ မြောက်ပိုင်းရှိ CGN ၏ သန့်ရှင်းသောစွမ်းအင်အခြေခံစီမံကိန်းဖြစ်ပြီး လေ၊ နေရောင်ခြည်နှင့် ဇီဝလောင်စာများကဲ့သို့သော အရင်းအမြစ်များစွာကို လွှမ်းခြုံထားသည်။
၎င်းသည် လာအိုနိုင်ငံ၏ပထမဆုံးသော အကြီးစားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားစီမံကိန်းလည်းဖြစ်သည်။
စီမံကိန်း အဆင့် ၁ သည် တပ်ဆင်ထုတ်လုပ်နိုင်မှု ကီလိုဝပ် ၁ သန်းဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ဓာတ်အားကီလိုဝပ်နာရီပေါင်း ၁ ဒသမ ၇ ဘီလီယံခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၀ သန်းခန့်၏ ဓာတ်အားသုံးစွဲမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားသည်။
စီမံကိန်း၏ အကျိုးရလဒ်အနေဖြင့် စွမ်းအင်ထိန်းသိမ်းခြင်းတွင် နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၅၁၀,၀၀၀ ခန့်လျှော့ချခြင်းနှင့် ညီမျှသည်။
အဆိုပါ စီမံကိန်းသည် တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကိုမြင်တွေ့ရကြောင်း လာအိုနိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်အခြေခံကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြည်နယ် ၃ ခု အနက်မှ တစ်ခုဖြစ်သည့် Odomxay ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Khamphiang Yachongva က ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးခြင်းနှင့် လမ်းများ၊ ကျောင်းများ၊ ရေပေးဝေရေး နှင့် မြို့ပြအဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်ဖြင့် ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကဏ္ဍအလိုက် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားခဲ့သည်။
အရင်းအမြစ်။ http://en.people.cn/n3/2024/1220/c90000-20256801.html
စီးပွားရေးသံမှူး၊ ကူမင်းမြို့။