International News

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနိုင်ငံမှ သဲများ တင်သွင်းရန် အဆိုပြု

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန (MOIT) နှင့် ပို့ဆောင်ရေးဝန်ကြီးဌာန တို့သည် ကမ္ဘောဒီးယားနိုင်ငံမှ ဆောက်လုပ်ရေးသဲများကို ဗီယက်နမ်နိုင်ငံသို့ တင်သွင်းနိုင်ရန် အတွက် ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ပါသည်။

ရလဒ်များအရ ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့နိုင်မည့် သဲများသည် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းပြည်နယ်များ၏ ရေရှည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ကမ္ဘောဒီးယားသည် ဗီယက်နမ်နိုင်ငံသို့ သဲကုဗမီတာ ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့် တင်ပို့လျက်ရှိကြောင်း စာရင်းများအရသိရှိရပါသည်။ ကမ္ဘောဒီးယားအစိုးရသည် သဲဈေးကွက်တွင် လွတ်လပ်စွာရောင်းဝယ်မှုကို ပံ့ပိုးပေးကာ ပင်ရင်းဒေသ ထောက်ခံချက်လက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။ သဲထုတ်ယူမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ပို့ကုန်အတွက်သင့်လျော်သော လိုင်စင်များ၊ အခွန်ပေးဆောင်မှုနှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်လည်း လိုအပ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်လုပ်ငန်းများနှင့် ဆောက်လုပ်ရေးကန်ထရိုက်တာများ လိုအပ်သော စုစုပေါင်းသဲလိုအပ်ချက်နှင့် ပမာဏကို ပြန်လည်သုံးသပ်ဆုံးဖြတ်ရန် အစိုးရမှ ပို့ဆောင်ရေးဝန်ကြီးဌာနကို တာဝန်ပေးအပ်ရန် MOIT မှ အကြံပြုထားသည်။ ၎င်းသည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်နိုင်ငံ သဲဝယ်ယူမှုစာချုပ်များအတွက် ကမ္ဘောဒီးယားကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် လက်ရှိတွင် ပြည်တွင်းကုမ္ပဏီ သုံးခုကိုသာ သဲထုတ်ယူခွင့်နှင့် သဲတင်ပို့ခွင့် လိုင်စင်ထုတ်ပေးထားကြောင်း၊ နိုင်ငံခြားကုမ္ပဏီများကို သဲထုတ်ယူခွင့်မပြုကြောင်း သိရှိရပါသည်။ အဆိုပါကုမ္ပဏီများအနက် Chaktomuk Cambodia ကုမ္ပဏီသည် နေ့စဉ် သဲကုဗမီတာ ၄၀,၀၀၀ မှ ၆၀,၀၀၀ ခန့်ကို ဗီယက်နမ်ကုမ္ပဏီ ၁၅ ခုမှ ၂၀ ခန့်သို့ တင်ပို့လျက်ရှိကြောင်း၊ Global Green Energy ကုမ္ပဏီသည် ဗီယက်နမ်ကုမ္ပဏီ နှစ်ခု သို့မဟုတ် သုံးခုထံသို့ တစ်ရက်လျှင် ကုဗမီတာ ၁၀,၀၀၀ ခန့် တင်ပို့လျက်ရှိပြီး Sok Theara တွင် သဲကုဗမီတာ သန်း ၂၀၀ ကျော်ရှိပြီး ဗီယက်နမ်သို့ သဲတင်ပို့ခြင်းမရှိသေးကြောင်း ဖော်ပြထားပါသည်။

ဧပြီလ အစောပိုင်းတွင် ဒုတိယဝန်ကြီးချုပ် ထရန်ဟူးဟန့်သည် Hồ Chí Minh City Ring Road 3 ပရောဂျက်၏ အခြေခံအုတ်မြစ်အတွက် သဲသုံးပစ္စည်းများ အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အစည်းအဝေးကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် အရှေ့တောင်ဘက်ရှိဒေသများတွင်အမြန်လမ်းနှင့် အဓိကယာဉ်ကြောအသွားအလာ ပရောဂျက် ၂၁ ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါလမ်းတံတားစီမံကိန်းများအတွက် မြေဆီလွှာ လိုအပ်ချက် ကုဗမီတာ ၇ သန်းနှင့် သဲကုဗမီတာ သန်း ၇၀ နီးပါး အပါအဝင် စုစုပေါင်း ကုဗမီတာ ၇၇ သန်းနီးပါးလိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အဆိုအရ ဟိုချီမင်းမြို့ Ring Road 3 ဖောင်ဒေးရှင်းအတွက် သဲလိုအပ်ချက်မှာ ကုဗမီတာ ၉.၃ သန်းဝန်းကျင်ရှိပြီး ၂၀၂၄ခုနှစ် တစ်နှစ်တည်းတွင် ကုဗမီတာ ၆ သန်းခန့်လိုအပ်ကြောင်းသိရသည်။ သို့သော်လည်း စီမံကိန်းအတွက် ကတိပြုထားသည့် ပြည်တွင်းထုတ်လုပ်မှုမှ သဲကုဗမီတာ ၇ သန်းခန့်သာ ထုတ်ပေးနိုင်ပြိး ခန့်မှန်းခြေအားဖြင့် ကုဗမီတာ ၂.၃ သန်း ပြတ်လပ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် တစ်နှစ်အတွင်း သဲကုဗမီတာ သန်း ၁၀၀ ခန့် ဗီယက်နမ်သို့ တင်ပို့ရန် ဆန္ဒရှိကြောင်း ဟိုချီမင်းမြို့ အိမ်ခြံမြေအသင်းအဆိုအရသိရှိရပါသည်။ ကမ္ဘောဒီးယား နိုင်ငံမှ ဆောက်လုပ်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့်သဲများ တင်သွင်းခြင်းဆိုင်ရာ ညှိနှိုင်းမှု ရလဒ်များကို ပြန်လည်တင်ပြရန် ဒုတိယဝန်ကြီးချုပ်က စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ကြောင်းဖော်ပြထားသည်။

 

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News