International News

“၂၀၂၄ ခုနှစ် ကိုရီးယား- အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညီလာခံ” သို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလ ၂၄ ရက်တွင် ဆိုးလ်မြို့ရှိ Hotel Naru Seoul Mgallery ၌ ကျင်းပခဲ့သည့် “၂၀၂၄ ခုနှစ် ကိုရီးယား-အာဆီယံ မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုညီလာခံ” (2024 Korea-ASEAN Intellectual Property Cooperation Conference) သို့ တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။

မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားနိုင်ငံနှင့် အာဆီယံဒေသတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ပြည်တွင်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆောင် ရွက်မှုများကို တိုက်တွန်းအားပေးရေး၊ နည်းပညာများ ခေတ်မီတိုးတက်စေရေး၊ ဆန်းသစ်တီထွင်မှုများကို တိုက်တွန်းအားပေးရေးနှင့် အထူးသဖြင့် ဖွံ့ဖြိုးပြီးစီးပွားရေးနိုင်ငံများတွင် ဈေးကွက်ဝင်ရောက်မှုမြှင့်တင်ရေးတို့တွင် မူပိုင်ခွင့်အကာအကွယ်ပေးမှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပါသည်။

မူပိုင်ခွင့်များဆိုင်ရာ သိကောင်းစရာများကို အများပြည်သူသိရှိနားလည်မှုမြှင့်တင်ရန် ခိုင်ခိုင်မာမာပူးပေါင်းဆောင်ရွက်မှုသည် ကိုရီးယားနှင့် အာဆီယံအကြား သဘောတူထားသည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ကတိကဝတ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကကျသည့် အချက်တစ်ခုဖြစ်ကြောင်းကိုလည်း သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။

“၂၀၂၄ ခုနှစ် ကိုရီးယား- အာဆီယံမူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညီလာခံ” ကိုကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် မူပိုင်ခွင့်ဆိုင်ရာ လက်ရှိအခြေအနေများကို အကဲဖြတ် သုံးသပ်ရန်နှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များတွင် ကိုရီးယားနှင့် အာဆီယံ၏ ပုဂ္ဂလိကကဏ္ဍများအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပလက်ဖောင်းတစ်ခု ထူထောင်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါညီလာခံကို ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံတော်သမ္မတရုံး၏ မူပိုင်ခွင့်ဆိုင်ရာကောင်စီက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာအသင်းများအဖွဲ့ ချုပ်က တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ညီလာခံသို့ ဆိုးလ်မြို့ရှိ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတော်သမ္မတရုံး၏ မူပိုင်ခွင့်ဆိုင်ရာကောင်စီ၊ သိပ္ပံ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီး ဌာန၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့မှ အရာထမ်းများ၊ ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများနှင့် ပညာရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: International News