International News

ဒူဘိုင်းပြည်နယ်၏ လေကြောင်းကဏ္ဍမှ ၂၀၃၀ ခုနှစ်မတိုင်မှီ ပြည်နယ်စီးပွားရေး အတွက် AED ၁၉၆ ဘီလီယံ ထည့်ဝင်နိုင်မည်

Last Updated:

Emirates Group လေကြောင်းလိုင်းအုပ်စုနှင့် Dubai Airports လေဆိပ်အုပ်စုတို့မှ ယူအေအီးနိုင်ငံ၏စီးပွားရေးတွင်ဒူဘိုင်းလေကြောင်းကဏ္ဍမှအဓိကအခန်းကဏ္ဍအဖြစ်ပါဝင်မှုကို မီးမောင်းထိုးပြသလျှက်ရှိကြောင်းဖော်ပြပါရှိသည့် အထင်ကရလေ့လာမှုတစ်ရပ်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

Oxford Economics သုတေသနအဖွဲ့၏အစီရင်ခံစာတစ်ရပ်တွင် ၂၀၂၃ ခုနှစ်အတွင်း ဒူဘိုင်းပြည်နယ်၏ လေကြောင်းကဏ္ဍမှ ပြည်နယ် GDP ၏ ၂၇ % ကို ကိုယ်စားပြုသည့် စုစုပေါင်းတန်ဖိုး (GVA) AED ၁၃၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇.၃ ဘီလီယံ) အထိထည့်ဝင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါ သည်။ အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားမှုအရ  ၂၀၃၀ ခုနှစ်မတိုင်မှီ ပြည်နယ်၏ GDP ၃၂ % နှင့် ညီမျှသော AED ၁၉၆ ဘီလီယံအထိ ထည်ဝင်မှုပမာဏ တိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။

Emirates Airline & Group နှင့် Dubai Airports အုပ်စုများ၏ ဥက္ကဋ္ဌ H.H. Sheikh Ahmed bin Saeed Al Maktoum က D33 စီးပွားရေးအစီအစဉ်အောက်တွင်ပါရှိသည့် ဒူဘိုင်း၏ရေရှည်စီးပွားရေးမဟာဗျူဟာတွင် လေကြောင်းကဏ္ဍ၏အထူးအရေးပါမှုကို အလေးပေးပြောကြားခဲ့ပါသည်။ လေကြောင်းကဏ္ဍ၏ တိုးတက်မှုများသည် ခိုင်မာသော လေကြောင်းဆက်သွယ် ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် ဒူဘိုင်းအား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် ကမ္ဘာလုံးဆိုင်ရာအချက်အချာဒေသတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း ဖော်ပြထားပါသည်။

လေကြောင်းကဏ္ဍ၏ တိုက်ရိုက်စီးပွားရေးအကျိုးသက်ရောက်မှုအပြင် လေကြောင်းသွားလာမှုဖြင့် ဆောင်ရွက်နိုင်ခဲ့သည့် ခရီးသွားလုပ်ငန်းသည် ၂၀၂၃ ခုနှစ်အတွင်း AED ၄၃ ဘီလီယံကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ၂၀၃၀ ခုနှစ် မတိုင်မှီ AED ၆၃ ဘီလီယံအထိ တိုးတက်လာမည်ဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၃၁,၀၀၀ ကို ၂၀၂၃ ခုနှစ်အတွင်းဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၃၀ ခုနှစ်မတိုင်မှီ နောက်ထပ် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၈၅,၀၀၀ အထက်ကို ထပ်မံဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားရှိပါသည်။

အဆိုပါအစီရင်ခံစာတွင် Dubai International နိုင်ငံတကာလေဆိပ်ထက် ငါးဆပိုမိုကြီးမား သော Dubai World Central - Al Maktoum International နိုင်ငံတကာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ၎င်းတို့၏လေကြောင်းအခြေခံ အဆောက်အအုံများကို တိုးချဲ့ရာတွင် ဒူဘိုင်း၏မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကို အလေးပေးဖော်ပြထားကာ ကမ္ဘာ့လေကြောင်းကဏ္ဍတွင် အင်အားကြီးမားသော ဒေသတစ်ခုအဖြစ် ဒူဘိုင်း၏အဆင့်အတန်းကိုပိုမိုခိုင်မာစေခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

 

 

Source:                            Emirates News Agency

DNanda Soe Myint             Economic Counsellor (Dubai)

Category: International News