International News

ဟန်ဂေရီနိုင်ငံက ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်း အတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ

Last Updated:

ဟန်ဂေရီက ဥရောပအလယ်ပိုင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၄ ရာခိုင်နှုန်းသို့ ရောက်ရှိစေရန် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Mr. Pe'ter Szijja'rto' ၏ ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၇၃၀ သန်း ရှိခဲ့ကြောင်း၊ ဟန်ဂေရီရှိ အစားအစာနှင့် ဟိုတယ်လုပ်ငန်းတွင် ထိုင်းရင်းနှီးမြှုပ်နှံမှုများရှိကြောင်း၊ ထိုင်းနိုင်ငံ ၏ ဆေးဘက်ဆိုင်ရာနှင့် ဆေးဝါးထုတ်ကုန်ဈေးကွက်တွင် ဟန်ဂေရီကုမ္ပဏီများစွာ ရင်းနှီးမြှုပ်နှံထားပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဟန်ဂေရီခရီးသွား ၃၀,၀၀၀ ကျော် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြပါကြောင်း၊ Thai AirAsia ကို ဟန်ဂေရီသို့ ခရီးစဉ် မိတ်ဆက်ပြေးဆွဲရန် စည်းရုံးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဟန်ဂေရီသို့ ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အဆင့် ၁၁ ရှိသော ကုန်သွယ်မှု မိတ်ဖက်နိုင်ငံ ဖြစ်လာပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အစားအစာ၊ ဟိုတယ်လုပ်ငန်း၊ မော်တော်ကားနှင့် ဆေးဘက်ဆိုင်ရာများသည် သမရိုးကျ ကုန်သွယ်ရေးနယ်ပယ်များဖြစ်သဖြင့် ကာကွယ်ရေးကဏ္ဍတွင် နီးနီးကပ်ကပ် ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် လမ်းကြောင်းအသစ်ဖွင့်လိုကြောင်း၊ ဥရောပသမဂ္ဂနှင့် ထိုင်းနိုင်ငံတို့အကြား‌ ဆွေးနွေးလျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (FTA) ညှိနှိုင်းမှုအတွက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဗီဇာလွယ်ကူချောမွေ့စေရေးလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဟန်ဂေရီ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယူရို ၁၃ ဘီလီယံထိ စံချိန်တင်နိုင်ခဲ့ပြီး တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်စသည့် အာရှနိုင်ငံများမှ ၈၁ ရာခိုင်နှုန်း ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ၏ မော်တော်ကားစက်မှုသည်ထင်ရှားပြီး ဂျာမန်ထိပ်တန်းမော်တော်ကား ထုတ် လုပ်သူ ကုမ္ပဏီ ၃ ခုဖြစ်သော Mercedes-Benz၊ BMW Group နှင့် CATI တို့သည် ဟန်ဂေရီ တွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ဟန်ဂေရီတွင် ဂျပန် Suzuki Motor က စက်ရုံတည်ထောင် ထားပြီး တရုတ် BYD  ကလည်း ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ဟန်ဂေရီသည် ၁၄ နှစ်ကြာ တစ်ဦးတည်းပါတီ အုပ်ချုပ်ရေးဖြင့် တည်ငြိမ်သော နိုင်ငံရေးစနစ်ရှိပါကြောင်း၊ နိုင်ငံ၏ ကော်ပိုရိတ် ဝင်ငွေခွန်သည် ဥရောပတွင် ကိန်းဂဏန်း ၁ ခုတည်းသာရှိသည့် ၉ ရာခိုင်နှုန်းဖြစ် ကြောင်း၊ နိုင်ငံ၏ သတ်မှတ်ထားသော ဒေသတွင် ရင်းနှီးမြှုပ်နှံပါက ရင်းနှီးမြှုပ်နှံမှု၏ ၆၀ ရာခိုင်နှုန်းထိ ပြန်ပေးငွေ မက်လုံးပေးအစီအစဉ်ရှိပါကြောင်း ဝန်ကြီး Mr. Pe'ter က ပြောကြားခဲ့သည်။

 

 

Source: www.bangkok.com

ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News